ဘာလိုလိုနှင့် နွေရာသီ ရောက်လာခဲ့ပြန်ပြီ။ နွေရာသီ ရောက်လာခြင်းသည် စာမေးပွဲနီးပြီဟု အချက်ပြလိုက်ခြင်းဖြစ်သည်။ ကျောင်းပုံမှန် တက်ရုံကလွဲ၍ စာပုံမှန်မကြည့်သော ကျွန်မလို၊ သူလို ကျောင်းသားများအတွက် ကိုယ်ပိုင်စာကြည့်ရက် (Private Study) များသည် ရွှေတမျှ အဖိုးတန်သည်။တချို့က အဆင့်တစ်မှ တစ်ဆယ်ဝင်အောင် ကြိုးစားနေကြသည်။တချို့က အဆင့်ကောင်းဖို့ ကြိုးစားကြသည်။ တချို့က အောင်ဖို့ ကြိုးစားကြသည်။ တချို့က ထိုရက်များကို အဆောင်တွင်နေပြီး စာလုပ်ကြသည်။ တချို့ကတော့ အိမ်ပြန်၍ စာကြည့်ကြသည်။ ကျွန်မသည် တိတ်ဆိတ်လျှင် စာပိုရ၍ အိမ်ပြန်၍သာ စာကြည့်သည်။ သူသည်လည်း ထိုနည်းလည်းကောင်း။
စာမေးပွဲမဖြေခင် တစ်ပတ်အလိုတွင် ကျောင်းသင်္ကြန်ရှိသည်။ ကျောင်းထဲတွင် အုန်းလက် မဏ္ဍပ်ထိုး၊ မုန့်လုံးရေပေါ်လုံးကာ ရေကားငှား၍ သင်္ကြန်ကျသော ကျောင်းတွင်းသင်္ကြန်ပွဲဖြစ်သည်။ ကိုယ်ပိုင်စာကြည့်ရက်များတွင် ခေါင်းမူးအောင် စာကြည့်ခဲ့ရသော ကျောင်းသားများသည် ခေါင်းဆေးချင်ကြသည်။ သို့သော် ကျောင်းသားတိုင်းမဟုတ်။ တချို့က စာကျက်ပျက်မည်စိုး၍ သင်္ကြန်ကို စိတ်မဝင်စားကြ။ အဆောင်တွင်း၌ပင် သင်္ကြန်သွားမည့်သူနှင့် မသွားမည့်သူ နှစ်ဖွဲ့ကွဲနေလေသည်။ ကျွန်မကတော့ သွားမည့်အဖွဲ့က ဖြစ်ပါသည်။
ကျွန်မသည် ကိုယ့်မြို့သင်္ကြန်တွင် မလည်ဖြစ်။ သင်္ကြန်ရက်ဆိုလျှင် သူငယ်ချင်းများနှင့်သာ တရားစခန်းဝင်နေကျဖြစ်သည်။ ထို့ကြောင့် တစ်ရက်တည်းသော၊ တစ်မွန်းလွဲတည်းသော ကျောင်းသင်္ကြန်ကို လက်လွှတ်မခံနိုင်။ စာမေးပွဲ မဖြေခင် တစ်ပတ်အလိုဆို အိမ်ကနေ အဆောင်သို့ ပြန်ရောက်နေမည်ဖြစ်သည်။ ကျောင်းသင်္ကြန်မီပါသည်။
သရက်တောသည် အဓိပတိလမ်း၏ လက်ယာဘက်တွင် စိမ်းစိုအုံ့မှိုင်းစွာ နေပျောက်မထိုး တည်ရှိနေသည်။ စီတန်းစွာ ပေါက်ရောက်နေသော သရက်ပင်များသည် အေးမြသော အရိပ်အာဝါသကို ပေးစွမ်းနိုင်စွမ်းရှိသည်။ သရက်တောသည် ပြည်နည်းပညာတက္ကသိုလ်အကြောင်းပြောလျှင် မပါမဖြစ်သော နေရာဖြစ်သည်။ သရက်တောသည် တက္ကသိုလ်အမှတ်တရများ ဖန်တီးရာ၊ အချစ်တို့မွေးဖွားရာ၊ အချစ်တို့ ပြတ်စဲရာ။
YOU ARE READING
ရင်ထဲကနွေ