လူတစ်ယောက်၏ စန်းဆိုသည်မှာ အလွန်ထူးဆန်းသည်။ သူပေါ်ချင်သည့် အချိန်တွင် ပေါ်လာကာ ခန့်မှန်း၍ ရတာမျိုးမဟုတ်။ ခန့်မှန်း၍ ရသည်ကား ကျွန်မတွင် ပြိုင်ဘက်များ ပေါ်လာနေပြီဆိုသော အချက်ပင်။
သူသည် ထိုနှစ်က စ၍ စန်းပွင့်လာသည်ဟု ဆိုရမည်။ ရဲတင်းသော မိန်းကလေးတစ်ယောက်ဆိုလျှင် သူ့ကို ကြိုက်နေကြောင်း ဖေ့စ်ဘွတ်ပေါ်တွင် သွယ်ဝိုက်ရေးသည်။ တဲ့တိုးမဟုတ်၍ တခြားသူများ မသိနိုင်သော်လည်း နီးစပ်သူများက သူ့ကို ရည်ညွှန်းမှန်း သိကြလေသည်။ သူ စိတ်ဝင်စားပုံမရသော်လည်း ကျွန်မမှာ စိတ်မအေးရသေးပါ။
သူသည် အပေါင်းအသင်းများလာသည်။ နည်းပညာတက္ကသိုလ်တွင်သာမက ပြည်ကွန်ပျူတာတက္ကသိုလ်နှင့် ပြည်တက္ကသိုလ်ထိပါ ခြေဆန့်လာသည်။ ကျွန်မ သိရသလောက် မိန်းကလေးသူငယ်ချင်းများစွာ။ ထိုအကြောင်းကို စဉ်းစားမိတိုင်း စိတ်မောလာသည်။
တစ်ခါတစ်လေတော့လည်း သူနှင့်ကျွန်မ တစ်ခန်းထဲမှာ အတူ စာသင်နေကြပေမဲ့ မိုင်တွေ အများကြီး ခြားနေသလို ခံစားမိနေသည်။ တကယ်တမ်းတွင်လည်း အနေဝေးလာပါသည်။ သူ့သူငယ်ချင်းများက ထမင်းစားဆင်းချိန်လို လမ်းလျှောက်သွားချိန်တွင် သူ့ကို တစ်ဖတ်သတ်ကြိုက်နေသည့် မိန်းကလေးအကြောင်းကို သူ မကြိုက်မှန်းသိ၍ စတတ်သည်။ ကျွန်မက သူတို့နောက်မှာဖြစ်စေ၊ ရှေ့မှာဖြစ်စေ ကြားနိုင်သောအကွာအဝေးတွင် ဖြစ်၍ ကြားနေရသည်။ ထိုအချိန်မျိုးတွင် ကျွန်မ စိတ်ရှုပ်ကာ ဝမ်းနည်းလာတတ်သည်။ သူ့ကိုလည်း တစ်ဖတ်သတ် မကျေမနပ်ဖြစ်ရသည် ။ သူကတော့ မသိရှာပါ။ သူ့ဝသီအတိုင်း ပြုံးမြဲ ပြုံးဆဲ။
ထမင်းစားဆင်းချိန် ပြန်မတက်ခင်အချိန်တွင် သူနှင့် သူငယ်ချင်းများက အတန်းထဲရှိ ခုံပိုများပေါ် တွင် ထိုင်ကာ ဝေလ၏ သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး လိုက်ညည်းနေလေ၏။ ကျွန်မသည် သူတို့ကို ကျောပေးပြီး နားစွင့်နေမိလေသည်။
"မပတ်သတ်ချင်တော့ဘူးလား×××ဟိုးအတိတ်ကိုပြန်တွေးကြည့်ပါ×××ကလေးဘဝအရွယ်ကတည်းက ခိုးလွမ်းနေရတာ×××ဟင်း...×××စည်းမစောင့်သလို ဖြစ်သွားလား×××မြိုသိပ်နိုင်စွမ်းမရှိလို့ပါ ဟေး...သတ္တိရှိလို့ ရှေ့တိုးတာ မဟုတ်ရပါ×××နင်နားလည်မှာပါ×××မနေနိုင်လွန်းလို့ အရဲစွန့်ပြောမိတာပါ×××နင်ပြန်ပေးတဲ့ဆုက အမုန်းတစ်ခုပဲလား×××နေ့တိုင်း နင်မသိဘဲ ရူးခဲ့တာ×××သူငယ်ချင်းမို့ ချစ်သူ မဖြစ်တော့ဘူးတဲ့လား..."
YOU ARE READING
ရင်ထဲကနွေ