အပိုင်း(၁၂)

717 25 2
                                    

ယနေ့တော့ အလှူခံစရာ မလိုတော့။ မနေ့ကတည်းက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပြည်မြို့ထဲသို့ တစ်အိမ်တက် တစ်အိမ်ဆင်း၊ တစ်လမ်းဝင် တစ်လမ်းထွက်ကာ အလှူခံရရှိငွေသည် မနေ့က လက်လှမ်းမီသည့် ရေဘေးသင့်ဒေသအချို့သို့ လှူပြီး ယနေ့ နောက်တစ်နေရာသို့ လှူရန် လုံလောက်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် နေ့လယ် ဆယ့်နှစ်ခွဲလျှင် ကျောင်းမှ ထွက်မည်။ သွားမည့်နေရာသည် ကျီးသဲမြို့ဖြစ်၏။ ကျီးသဲမြို့သို့ ကားနှင့်သွားရန် အဆင်မပြေ။ နေရာတော်တော်များများတွင် ရေကြီးနေပြီဖြစ်သည်။ ထို့ကြောင့် လှေငှားရန်စီစဉ်ရသည်။

ရွှေသမင်ကားများဖြင့် လှေစီးသွားရမည့်နေရာသို့ ရောက်လာကြသည်။ ညနေပြန်လာမှ ရွှေသမင်ကားများက ထိုနေရာသို့ ပြန်လာကြိုမည်ဖြစ်၏။

တစ်ဖက်မှလာနေသော လှေကိုစောင့်နေကြစဉ် သူက ကျွန်မရပ်နေသော နေရာသို့ အပြေးလာသည်။ အနားရောက်လျှင် လွယ်အိတ်ကို ချွတ်လိုက်ပြီး

'နွေ၊ လွယ်အိတ်ကလေးယူထားပါဦး၊ ဟိုမှာ ရွှေသမင်တစ်စီးက ဘာဖြစ်လို့လဲမသိဘူး၊ ဝိုင်းတွန်းပေးလိုက်ရဦးမယ်' ဟု ပြောသည်။

'ဟုတ်လား အဲ့ဒါ မွေးနီ မောင်းတဲ့ကားမလား၊ သူ့ကားက အစကတည်းက မကောင်းပါဘူးဆို လမ်းမှာထိုးရပ်လို့ ရပ်နဲ့၊ အဲ့ဒါကို ဒီအထိ ငှားလာသေးတယ်'

"အေးဟာ၊ တခြားကားတွေကလည်း ဒီအချိန် မြို့ထဲရောက်နေတာနဲ့၊ သူအလှည့်ကျတာနဲ့ ငါတို့ကံဆိုးတာနဲ့တိုးသွားတာ'

ကျွန်မလည်း သူ့ကျောပိုးလွယ်အိတ်ကို ယူကာ ရင်ဘတ်ပေါ် သိုင်း၍ လွယ်ထားလိုက်သည်။ ကျွန်မ ကျောပိုးလွယ်အိတ်က ကျောမှာ။ ဆုပိုင်က ကျွန်မကိုကြည့်ပြီး ရယ်သည်။

ခဏအကြာတွင် လှေရောက်လာ၍ လှေပေါ်တက်ရန် တန်းစီကြသည်။ သူသည် အမောတကောနှင့် ပြေးလာနေသည်။ ကျွန်မ ဆုပိုင်ကို အရင်တက်ခိုင်းနှင့်လိုက်သည်။

'မောလိုက်တာဟာ ဟူး'

'ရေသောက်ဦးမလား' ဟု မေးတော့ ရေဘူးလှမ်းယူကာ သောက်သည်။ သူသောက်ပြီးအောင်စောင့်၍ လှေပေါ်တက်ခဲ့ကြသည်။

ရင်ထဲကနွေWhere stories live. Discover now