ဒီဇင်ဘာ၏ အအေးဓာတ်ပြယ်စပြုနေသည့် မနက်ခင်း။ Building (1) ရှိ ငွေစာရင်းဌာန၏ နံရံတွင် ကပ်ထားသည့် မေဂျာစာရင်းများကို ကြည့်ရန် အင်ဂျင်နီယာလောင်းလျာလေးများသည် တစ်ဦးနှင့်တစ်ဦး တိုးဝှေ့နေကြသည်။ ထိုအထဲတွင် နွေတစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ နွေ့အရပ်မှာ ၅ပေ၃လက်မ ရှိသော်လည်း ရှေ့တွင် အရပ်ပိုရှည်သော ယောက်ျားလေးများက ကွယ်ထားသောကြောင့် ခြေဖျားထောက်ကြည့်တာတောင် သိပ်မမြင်ရ။ ကျွန်မနာမည်ကို "Civil"ခေါင်းစဉ်တပ်ထားသော စာရွက်ထဲတွင် မြင်လိုက်ရသည်။
နောက်ပြီး ရင်းနှီးနေသော နာမည်တစ်ခုကို မြင်လိုက်သလိုရှိ၏။ သူရိန်လင်း။ နာမည်တူတာလား။ ငါပဲ မျက်စိမှားတာလား။ ထားပါတော့။ အခန်းလိုက်ရှာရဦးမည်။ လူအုပ်ထဲမှ ပြန်ထွက်ဖို့မလွယ်။ ရှေ့တိုးသည့်သူက တိုး၊ နောက်ထွက်မည့်သူက ထွက်နှင့်။ ထိုအချိန်တွင် မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံမိသည်။ သူ။
'နွေ'
သူက လှမ်းခေါ်ကာ အပြင်ထွက်ဖို့ အမူအရာပြသည်။ ကျွန်မရော သူရော လူအုပ်ထဲက ထွက်ဖို့ မနည်းကြိုးစားလိုက်ရသည်။
တက္ကသိုလ်တွင် အဖြူအပြာ၊ အခြေခံကျောင်းတုန်းက အဖြူအစိမ်း။ အပြာနှင့် အစိမ်းသာ ကွဲလို့ ထင်ပါရဲ့။ သိပ်မပြောင်းလဲ။ သူသည် ၁၀တန်းတုန်းကထက်တောင် အရပ်ပိုရှည်လာသည်ဟု ကျွန်မထင်သည်။ ကျွန်မကတော့ ဆံပင်တိုမြဲတိုဆဲ။ ငယ်ငယ်ကလို လုံချည်အောက်တွင်ဘောင်းဘီရှည်တော့ ထပ်မဝတ်တော့ပါ။
"နွေ အရင်ရက်တွေက နင့်ကိုမတွေ့ပါဘူး"
"ငါလည်း နင့်ကို ကွန်ဘိုင်းခန်း(combined)မှာ မတွေ့ပါဘူး"
"ငါက Building-4 က combinedခန်းမှာ"
"ဪ ငါက Building-1 combinedခန်းထဲမှာ၊ အဲ့မှာလွဲနေတာကိုး"
မေဂျာမခွဲခင် တစ်ပတ်ခန့်ကို ပထမနှစ်ကျောင်းသား၊ကျောင်းသူများသည် အရေအတွက် အနည်းအများပေါ် မူတည်၍ သက်ဆိုင်ရာအခန်းများတွင် စုပေါင်းတက်ကာ တက္ကသိုလ်ကျောင်းတော်ကြီးနှင့် မိတ်ဆက်ကြရသည်။ အဆောင်တူသည့် သူငယ်ချင်းများနှင့် မိတ်ဖွဲ့ကာ ကိုယ်တက်ရမည့် အခန်းကို လိုက်ရှာကြသည်။ ပထမဆုံးနေ့က ကျွန်မနှင့် ကျွန်မ၏ သူငယ်ချင်းအသစ်များ အဓိပတိလမ်းမပေါ်တွင် ယောင်လည်လည်။ အခန်းနံပါတ် 1/2-4 ကို မြောက်သွားရှာရမလား၊ တောင်သွားရှာရမလားမသိ။ အဖွဲ့ထဲမှ သူငယ်ချင်းတစ်ယောက်က ပါးစပ်ပါရွာရောက် ဆိုသကဲ့သို့ မေးကာမြန်းကာနှင့် သွားတော့မှ combined ခန်းသို့ရောက်သည်။
YOU ARE READING
ရင်ထဲကနွေ