အပိုင်း(၁၁)

757 23 2
                                    

၂၀၁၅ မိုးရာသီ။ ထိုနှစ်က မြန်မာနိုင်ငံဒေသတော်တော်များများတွင် ရေကြီးသည်။ ဩဂုတ်လ အစတွင် မြစ်ရေတက်ပြီး လူအများ ဒုက္ခရောက်ကြရသည်။ ထိုအချိန်တွင် ပြည်သူအချင်းချင်း ကူညီကြသည်။ ကျွန်မတို့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများလည်း ထိုအထဲတွင် အုတ်တစ်ချပ်၊သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်အောင် ကြိုးစားကြသည်။ ရေဘေးသင့်ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ကူညီချင်စိတ်သည် တဖွားဖွားပေါ်လာသည်။

ကျောင်းသားလူငယ်များဆိုသည်မှာ ငွေအားထက် လုပ်အားက ပိုသာသည် မဟုတ်လော။ ပြည်မြို့အနီးရှိ ရေကြီးနေသော မြစကိုင်းရွာကို သွားလှူရန် ရှိသည်ဟူသော သတင်းစကားကို အဆောင်က စီနီယာအစ်မများဆီမှ ကြားရသည်။ အိုင်တီဌာနမှ ဆရာ၊ ဆရာမများက ဦးဆောင်သွားမည်ဟု သိရသည်။ ထိုစကားကြားရသည့်အခါ ကျွန်မတို့အဆောင်မှ ကျွန်မအပါအဝင် ကျောင်းသူဆယ်ယောက်နှင့် အိုင်တီမှ ကျောင်းသားအယောက်နှစ်ဆယ်တို့သည် လိုအပ်မည့် ပစ္စည်းများဝယ်ယူကာ ကားငှား၍ ထိုရွာသို့ရောက်ခဲ့ကြသည်။

ရေများက ဒူးခေါင်းထိ ရောက်နေကြပြီ။ ဆရာများက မိန်းကလေးများကို မဆင်းစေချင်။ ကျွန်မတို့ကလည်း ဒီနေရာထိ ရောက်လာပြီးမှ ကိုယ်တိုင်သွားလှူချင်ကြသည်။ ဦးဆောင်လာသော ဆရာကို ကျွန်မတို့ကျောင်းသူများက ရေထဲသို့ ဆင်းခွင့်ပေးရန် မနည်းတောင်းဆိုလိုက်ရသည်။ ဆရာက အစပိုင်းမှာတော့ အင်တင်တင်လုပ်နေသေးသည်။ နောက်တော့မှ ခွင့်ပေးလိုက်သည်။ "ဒါပေမဲ့ ခဏပဲရမယ်" ဆိုသည့် ဆရာ့စကားကို ကျွန်မတို့မစောင့်တော့။

ကားပေါ်မှ ဆင်းကာ ပစ္စည်းများသယ်နေသည့် ကျောင်းသားများဆီသို့ သွားကာ ပစ္စည်းများ လက်ဆင့်ကမ်းသယ်ကြသည်။ လုပ်အားပေးရသော ပီတိအရှိန်က ကျွန်မတို့ရင်သို့ လာရိုက်ခတ်သည်။ ကျွန်မတို့က စာသင်ခန်းထဲတွင် မိုးလုံလေလုံ စာသင်နေချိန်တွင် ဒီဒေသက လူတွေဟာ ရေထဲမှာ ရုန်းကန်နေရပါလားဟူသော အတွေးက ကျွန်မကို ဝမ်းနည်းစေသည်။ သဘာဝဘေးအန္တရာယ်တွေရဲ့ တရားခံဟာ ဘယ်သူလဲဟူသော မေးခွန်းက ခေါင်းထဲ တစ်ဝဲလည်လည်။ 

ရင်ထဲကနွေWhere stories live. Discover now