'Environmental Practical Group-8
Geotechnical Practical Group-4
Hydraulic Practical Group-5
(၃)ဖွဲ့စလုံး သူနဲ့အတူတူ ♡♡♡'မနေ့ညက ရေးမှတ်ထားသော စာကို တစ်ချက်ပြန်ဖွင့်ဖတ်၍ ဒိုင်ယာရီစာအုပ်ကို ပိတ်လိုက်သည်။ ခုနှစ်နာရီခွဲအမီ ကျောင်းသို့ သွားရမည်။ ဓမ္မစကြာရွတ်ရန် လာခဲ့မည်ဟု ဗုဒ္ဓဘာသာအသင်းက သူငယ်ချင်းကို မနေ့က ကတိပေးထားသည်။
ဘုရားခန်းတွင် ဓမ္မစကြာရွတ်ပြီးချိန်၌ ၈နာရီကျော်နေပြီ။ ပရက်တီကယ်လုပ်ရန် building-9 သို့ သွားရမည်။ အချိန်ရသေး၍ ဖြည်းဖြည်းမှန်မှန် လျှောက်လာခဲ့စဉ် Building-9 အဝင်ရှိ လှေကားထစ်ပေါ်တွင် ထိုင်နေသော သူ့ကို တွေ့ရသည်။ တစ်ယောက်ကို တစ်ယောက်တွေ့သောအခါ နှစ်ယောက်စလုံး ပြုံးကြပြီး သူ့ဘေးနား ခပ်ခွာခွာ တစ်နေရာတွင် ကျွန်မ ဝင်ထိုင်လိုက်သည်။
သူ့မျက်နှာမှာ ခါတိုင်းလို မလန်း။ ကြည့်မဝနိုင်သော သူ့မျက်နှာထက်တွင် သောကတစ်ခု ရှိနေသည်။ မနေ့ညနေက သူ့ဖုန်းပျောက်သွားသည်။ ဝယ်ထားတာ သိပ်ပင် မကြာသေး။
'ပြန်တွေ့ဖို့ ကမ်းမမြင်တော့ပါဘူးဟာ' ဟု သူကပြောသည်။
'အင်း၊ အသစ်တစ်လုံး ရဖို့ လမ်းစတော့ မြင်ရပါတယ်'
ကျွန်မက ခပ်နောက်နောက်ဆိုတော့ သူက ရယ်သည်။ တခြားကျောင်းသားများ လာနေသဖြင့် ဘေးနှစ်ဘက်သို့ ရှဲပေးလိုက်သည်။
ဌာနဘက်မှ လျှောက်လာနေသော ဆရာမကို လှမ်းမြင်ရ၍ အခန်းထဲသို့ ဝင်ပြီး နေရာယူလိုက်ကြသည်။ ဆရာမ ရောက်လာချိန်၌ ပရက်တီကယ် စကြပြီ။ တစ်ဖွဲ့ချင်းစီ ပရက်တီကယ်လုပ်၍ ရသော ဒေတာများကို လိုက်မှတ်ထားကြရသည်။ ထို့နောက် စာရွက်ထပ်ကြရမည်။
'နွေ ပရက်တီကယ် စာရွက်က တစ်ရွက်ကို အစိတ်တဲ့၊ နင်နဲ့ငါနဲ့ နှစ်ယောက် ငါးဆယ် ပေးလိုက်မယ်' ဟု သူက ဆိုကာ ECထံ စာရွက်သွားဝယ်သည်။
သူ ကမ်းလာသော စာရွက်ကို ကျွန်မ တယုတယ ယူလိုက်၍ အခန်းအပြင်ဘက်တွင် ချထားသော ခုံတန်းရှည်များဆီ ထွက်ကာ လိုအပ်သည်များ လိုက်ဖြည့်သည်။သူက ကျွန်မရှိရာ ခုံတန်းဆီသို့ လာပြီး
'စိတ်လောပြီး တွက်လိုက်တာ တစ်ပုဒ်လုံး မှားသွားတယ်၊ တော်သေးတယ် မှားတဲ့စာရွက်က သူများဆီက အလကားရလာလို့'
YOU ARE READING
ရင်ထဲကနွေ