ဖိန်ချန်း တတိယနှစ်၊ နွေဦးတစ်ခု၊ ပန်းတစ်ပွင့်ပမာ (၁)

1.6K 182 33
                                    

Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်​ဆိုထားခြင်းဖြစ်​ပြီး ဇာတ်​လမ်းအကြောင်းအရာ ဇာတ်​ကောင်​များအားလုံး Ze Mo သာ ပိုင်​ဆိုင်​ပါသည်။

ဖိန်ချန်း တတိယနှစ်၊ နွေဦးတစ်ခု၊ ပန်းတစ်ပွင့်ပမာ သူမလည်း လှပစွာ ပွင့်လန်းခဲ့သည် (၁)

  ကုဟုန်ကျန်း ဤအမှတ်တရများကို ပြန်အောက်မေ့နေသည်မှာ အချိန်ကြာမြင့်စွာ တန်သည်ဟု ထင်ရသော်လည်း စင်စစ်တကယ်တမ်းမှာမူ မျက်တောင်တခတ်စာမျှသာ ကြာလေသည်။ ဟဲ့ဖန်းနဉ် အံ့သြကြီးစွာ အာမေဋိတ်ပြုလိုက်တော့လေသည်။ "အရှင်မင်းကြီးက ကုတာ့ရန်ကို မချစ်ခဲ့ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ. . ."

  လင်စစ်ကျယ်ကတော့ သူမအား ဗွေမယူ။ ထိုအစား သိလိုစိတ်ဖြင့် ပြန်မေးခဲ့လေသည်။ "ကျန်း သူ့ကို ချစ်တယ်လို့ မင်းက ဘာကြောင့် ထင်တာလဲ"

  ဟဲ့ဖန်းနဉ်က ဆင်ခြင်ပြသည်။ "အရှင်မင်းကြီးနဲ့ ကုတာ့ရန်ဟာ ငယ်စဉ်ကလေးဘဝကတည်းက သိကျွမ်းခဲ့ကြသူတွေ ဖြစ်ပါတယ်၊ ၁၈ နီးပါး ခင်မင်ရင်းစွဲ ရှိခဲ့ကြတာပါ. . ."

  လင်စစ်ကျယ် ရုတ်တရက် ငေးငိုင်သွားတော့လေသည်။ သူ့ကိုယ်သူပင် သတိထားမိပုံမရ။

  ထို့နောက်တွင်တော့ သူ့နှုတ်ခမ်းထောင့်က ကော့သွားလေသည်။ အပြုံးဟု ထင်ရသော်လည်း မျက်လုံးသို့ မရောက်။ သူက ဆိုသည်။ "ကျန်း သတိတောင် မထားခဲ့မိဘူး၊ ၁၈ နှစ်တောင် ရှိခဲ့ပါပေါ့လား"

  ကုဟုန်ကျန်းကတော့ သူမဖာသာ တွေးနေမိသည်။ 'ငါ လင်စစ်ကျယ်ကို ပထမဆုံးအကြိမ် စတွေ့ခဲ့တဲ့ အချိန်တွေကိုပါ ထည့်တွက်မယ်ဆိုရင် သူနဲ့ သိတာ နှစ် ၂၀ လောက်ရှိနေပြီပဲ"

  ဟဲ့ဖန်းနဉ် ငေးကြောင်သွားမိတော့လေ၏။ လင်စစ်ကျယ်ကို ကုဟုန်ကျန်းနှင့် သူ၏ 'နက်ရှိုင်းသော ခင်မင်ရင်းနှီးမှု'ကို သတိပေး အစဖော်လိုက်သကဲ့သို့ ဖြစ်သွားမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ထို့နောက်တော့ သူမ ပြောလိုက်တော့သည်။ "အာ. . . ဟုတ်ပါတယ်၊ ဒါတင် မကသေးဘူး၊ ချန်ချဲ့က နှောင်းမှ ရောက်လာတဲ့ လူပါ၊ ဒါပေမဲ့ ချန်ချဲ့ ရောက်တဲ့ နှစ်မှာပဲ ချန်ချဲ့ ကြားခဲ့မိပါတယ်... ကုတာ့ရန်ဟာ အရှင်မင်းကြီး အပါးမှာ အမြဲရှိနေခဲ့ပြီး ခလုတ်ကန်သင်းမှန်သမျှ ဖယ်ရှားပေးခဲ့တယ်တဲ့၊ အရှင်မင်းကြီးက ကုတာ့ရန်ကို မချစ်ဘဲ ဘယ်နေပါ့မလဲ"

ကြွေလွင့်တန်သော ဤချစ်ခြင်းသည်Tempat cerita menjadi hidup. Temukan sekarang