မြတ်​နိုးရပါသော ဆယ်​နှစ်​တာ (၃)

876 114 6
                                    

Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်​ဆိုထားခြင်းဖြစ်​ပြီး ဇာတ်​လမ်းအကြောင်းအရာ ဇာတ်​ကောင်​များအားလုံး Ze Mo သာ ပိုင်​ဆိုင်​ပါသည်။

မြတ်​နိုးရပါသော ဆယ်​နှစ်​တာ (၃)
      
      မူလကတော့ သူမ လင်စစ်ကျယ်ကို ကြောက်ရွံ့ခဲ့သည်။ သို့သော် လင်စစ်ကျယ်က သူမကို အမြဲလျစ်လျူရှုထားတတ်သည်ကြည့်ရင်း ကုဟုန်ကျန်း ဒေါသထွက်လာမိတော့သည်။ စိတ်ကို အေးဆေးတည်ငြိမ်အောင်ထားပြီး ခဏမျှ တွေးကြည့်ပြီးသည့်နောက်မှာတော့၊ လင်စစ်ကျယ်က သူမကို အသိအမှတ်မပြုမှတော့ သူမလည်းပဲ လင်စစ်ကျယ်ကို အသိအမှတ်ပြုရန် ငြင်းဆန်နေလိုက်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့သည်။

  သူမက လင်စစ်ကျယ်ကို အသိအမှတ်မပြုရုံသာမက၊ တစ်ခါတစ်ရံ လင်စစ်ကျယ်ကို အနိုင်ကျင့်နေလိုက်သေးသည်။

  သူမသည်လည်း အခြားသော အပျိုတော် နန်းတွင်းသူများနည်းတူ လင်စစ်ကျယ်၏ အဝတ်များကို အဝတ်လျှော်အဆောင်သို့ ကူမပို့ပေးပေ။ လင်စစ်ကျယ်၏ လျှော်ပြီး အဝတ်များ၊ အိပ်ရာများကိုလည်း လိုက်မသိမ်းယူပေး။ စားစရာလည်း မပြင်ဆင်ပေး။ လင်စစ်ကျယ်ကတော့ ထင်မှတ်မထားရလောက်အောင် အရေးတယူ အဖက်လုပ်မနေပေ။ သူမ သူ့ကို အလုပ်အကျွေးပြုရမည်ဟုလည်း အတင်းအကျပ်မစေခိုင်းခဲ့၊ သူမကို စကားတစ်ခွန်းမျှလည်း မပြောခဲ့။

  ကုဟုန်ကျန်းလည်း လွန်စွာ စိတ်ခုနေရကာ လင်စစ်ကျယ်ကို နှိပ်စက်ရန် အခြားနည်းလမ်း သုံးတော့လေသည်။ ပုံမှန်အားဖြင့် သူမသည် လင်စစ်ကျယ် အလျင်စားပြီး ကျန်သည့် ဟင်းလျာများကို နေ့လည်စာအဖြစ် စားလေ့ရှိသည်။ သို့သော် လင်စစ်ကျယ် စားပြီး ကျန်သည်အထိ မစောင့်တော့ဘဲ အတူလိုက်၍ မျှဝေစားခြင်းအားဖြင့် လင်စစ်ကျယ်နှင့် တန်းတူနေရာတွင် သူမကိုယ်ကိုယ် ထားလေသည်။

  ဤသို့ ပြုမူပါသော်လည်း လင်စစ်ကျယ်ကတော့ သူမကို ခပ်သွက်သွက် လှစ်ကနဲ တစ်ချက်သာ မော့ကြည့်သည်။ သူ မျက်ခုံးပင် မကြုတ်။ ပြီးနောက် သူ့ဖာသာ စားစရာ ရှိ ဆက်စား၍ နေလေ၏။

  ကုဟုန်ကျန်း ဒေါသတကြီး မျက်မှောင်ကြုတ်မိလေတော့သည်။ နေ့တိုင်းနေ့တိုင်း လင်စစ်ကျယ် စိတ်တိုရအောင် သူမ နည်းလမ်းသစ်များ ရှာဖွေခဲ့သော်လည်း ဘယ်သောအခါမှ မအောင်မြင်။ လင်စစ်ကျယ် သူမကို အများဆုံး ပြောသည်ဆို၍ "ဘေးဖယ်" နှင့် "ထွက်သွား" သာ ရှိလေသည်။

ကြွေလွင့်တန်သော ဤချစ်ခြင်းသည်Hikayelerin yaşadığı yer. Şimdi keşfedin