(၁) ချန်အိမ်တော်ရဲ့ တနေ့တာမှာ

1.1K 53 4
                                    




နွေဦးလေ တိုက်နေတာ တပတ်လောက် ရှိတော့မယ်။ နှဖူးက စီးကျလာတဲ့ ချွေးတွေကို အသာသုတ်ရင်း ဒါပြီးမှ နားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘေးကိုဝေ့ကြည့်လိုက်တော့ ခွဲထားတဲ့ ထင်းတွေ။ အင်း …… ဒီတပတ်စာလောက်တော့ ရလောက်ပြီ ထင်တယ်။ လက်တွေလည်း နာလှပြီ။

"ချင်းလျန် နားတော့… ထမင်းစားရအောင်…"

“ဟုတ်…”

ဖြေသံနဲ့အတူ ဝေ့အစ်ကိုကြီးထိုင်နေတဲ့စားပွဲနား အပြေးကလေး သွားထိုင်လိုက်တယ်။ ဝေ့အစ်ကိုကြီးဆိုတဲ့လူက အကောင်ကြီးသလို စိတ်လည်းကြီးတယ်။ သူခေါ်တုန်းမသွားရင် စားပွဲပေါ်ကစားစရာတွေ အကုန်စားပစ်တတ်တယ်။ သူစားလိုက်လို့ ငတ်ရပေါင်းလည်း မနည်းလှဘူး။ ဒါပေမယ့် ငါမစိုးရိမ်ပါဘူး။ သူက ငါ့အပေါ်ဆိုရင်တော့ စေတနာနည်းနည်းရှိတယ်လို့တော့ထင်သား။ အော်… မေ့တော့မလို့။ ဝေ့အစ်ကိုကြီးက ချန်အိမ်တော်ရဲ့ သစ္စာခံကြီး ဆိုလည်း မမှားဘူး။

"ချင်းလျန် ဒါ နင်ကြိုက်တဲ့ ငါး… စားကြည့်… ငါ နင့်အတွက် သိမ်းထားတာ…"

ဝေ့အစ်ကိုကို ကျေးဇူးတင်ရင်း ငါးအသားလွှာတဖတ်ကို ယူစားလိုက်တယ်။ ငါးမစားရတာ အတော်ကြာပြီပဲ။ လျှာပေါ်ကနေ နူးနူးညံ့ညံ့လေးနဲ့ ခံတွင်းထဲပျော်ဝင်သွားတဲ့ ငါးအသားလွှာကြောင့် ထင်းခုတ်ထားလို့ပင်ပန်းနေတာက ယူပစ်သလိုပျောက်သွားပြီ။ ဝေ့အစ်ကိုကြီးက ဒါမျိုးကျ ချစ်ဖို့ကောင်းတယ်။ သူက ငါကြိုက်တဲ့ဟင်းတွေချက်ဖို့ စားဖိုဆောင်ကို ပြောထားပေးတတ်တယ်။ ငါးစားရလို့ကျေနပ်ပီတိဖြာနေနဲ့ င့ါရုပ်ကိုကြည့်ပြီး ဝေ့အစ်ကိုကြီးက မျက်ဖြူလှန်ပြတယ်။ ငါးဟင်းခွက်ကို င့ါဘက်တွန်းပို့ရင်း

"သခင်လေး နင့်ကို ရှာနေတယ်… စားပြီးရင် သွားလိုက်ဦး… တကိုယ်လုံးကို သန့်ရှင်းရေး လုပ်သွားဦးဟ… ချွေးစော် တနံနံနဲ့… ညစ်ပတ်တယ်…"

ငါသူ့ကို သိပ်ပြီးကြည့်မရတဲ့အထဲ ဒါလည်းပါတယ်။ စဉ်းစားကြည့်။ နေပူထဲ ထင်းခွဲရတာ ဘယ်လောက်ပင်ပန်းလဲဆိုတာ သိသိချည်း။ နည်းနည်းလေးတော့ ပြောလိုက်ရမှဆိုတာ သူမှ သူအစစ်။ "ဟုတ်" တလုံးပဲပြန်ပြောရင်း အခန်းထဲ ပြန်လာခဲ့တယ်။
သန့်ရှင်းရေးကို ခပ်သွက်သွက်လုပ်ပြီးတော့ ငါ့ကိုယ်ငါ မှန်ထဲပြန်ကြည့်လိုက်တယ်။ ဆံပင်ကို ကြည့်ကောင်းအောင်ပြန်လုပ်ရင်း အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ဆွဲဆန့်လိုက်တယ်။ ဒီလောက်ဆိုရပြီ။ အခန်းထဲက ထွက်လာတော့ …အဲ …သခင်လေးက ဘယ်မှာရှိနေတာလဲ။ သူ့အခန်းမှာလား။ စာကြည့်ဆောင်မှာလား။ ရေကန်နားက နားနေဆောင်မှာလား။ ငါ့ ဝေ့အစ်ကိုကို မမေးလိုက်မိဘူး။ ဖြစ်နိုင်မယ့်နေရာကို မှန်းပြီးတော့ စာကြည့်ဆောင်ကိုပဲ အရင်သွားလိုက်တယ်။
ငါ မှန်းပြီးလာတာ မှန်သွားတယ်။ သခင်လေး ရှိနေတယ်။ အခန်းထဲဝင်တော့ ဖိနပ်ကို အခန်းဝမှာ သေချာညီအောင်ချွတ်တယ်။ ခြေသုတ်ပြီးမှ အထဲဝင်တယ်။ သခင်လေးက အသန့်ကြိုက်တယ်။ အခန်းထဲ ဖုန်တစက်ရှိတာတောင် မကြိုက်ဖူးရယ်။ သခင်လေးနဲ့ ပတ်သက်လာရင် အစားအသောက်ပြင်တာကအစ စက္ကူတွေ ပြန်စီတာအဆုံး အားလုံးကို အသေးစိတ်ဂရုစိုက်ရတယ်။ သခင်လေးက အသန့်ကြိုက်တဲ့အပြင် ပစ္စည်းတွေနေရာတကျ မရှိရင် သိပ်ကြည်တာ မဟုတ်ဘူး။ သခင်လေး အလိုမကျဖြစ်သွားမှာတော့ မလိုလားဘူး။ ဘာလို့လဲဆိုတော့ ငါက ချန်အိမ်တော်က သခင်လေးရဲ့ တပည့်ဖြစ်နေလို့ပဲ။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now