ထိုအဖြစ်အပျက်တွေ ပြီးဆုံးပြီးနောက်ပိုင်း သခင်လေးလီရှန်းတယောက် မြင့်မြတ်သည့်မျိုးနွယ်၏ အမွေဆက်ခံသူအနေဖြင့်သာမက အမှောင်မျိုးနွယ်ကိုပါ အုပ်ချုပ်ရသည့်သူအဖြစ် ဖခင်၏အရိုက်အရာကို ဆက်ခံခဲ့ရသည်။ နန်းတက်ပွဲကို ခေတ်လွန်ကာလမှာသာ ခြိမ့်ခြိမ့်သဲသဲကျင်းပကြသည်။ သူမပျော်နိုင်။ တစက်ကလေးမှ မပြုံးနိုင်ခဲ့။ နန်းတက်ပွဲပြီးသည်နှင့် အရင်ဆုံးရောက်သွားသည့်နေရာက အချိန်စက်ဝန်းဆီ။ အဝါရောင်အလင်းတန်းအချို့ကို ထုတ်လွှတ်လိုက်ပြီး အချိန်စက်ဝန်း၏ စနစ်တခုလုံးကိုပြန်ပြင်လိုက်သည်။ ထို့နောက် အချိန်စက်ဝန်းကို အခြားသူတွေအသုံးပြုခွင့် ပိတ်ပင်လိုက်ပြီး စက်ရာဆောင်ရှိလျှို့ဝှက်ခန်းသို့ ပြောင်းထားလိုက်သည်။ နယ်မြေရေးရာစီမံခန့်ခွဲမှုများ၊ စစ်ပွဲကိစ္စများ၊ ဥပဒေရေးရာကိစ္စတွေ စသည်စသည်တို့ကို တိုင်ပင်ဖြေရှင်းနေရသည့် ညီလာခံပြီးသည်နှင့် အချိန်စက်ဝန်းရှိရာသို့သာ။
ချင်းလျန်နှင့် တွေ့ဆုံခဲ့ရသည့် ခေတ်ဟောင်းကာလကိုပြန်သွားသည်။ အားလပ်ချိန်များကို ချန်အိမ်တော်တွင်သာ ကုန်ဆုံးစေခဲ့သည်။
အခုလည်း ချန်အိမ်တော်ဆီ ရောက်နေပြန်သည်။ ချင်းလျန်မရှိတော့သည့် အချိန်ကစပြီး အိမ်တော်ဝင်းရှိ ရေကန်ဘေးတွင် မိုးမခပင်တွေစိုက်ထားသည်။ သေဆုံးသွားစဉ်က အသက်အရေအတွက်အတိုင်း အပင်ပေါင်း နှစ်ဆယ်တိတိ။ အချိန်တို့ တနှစ်ကုန်သွားသည်နှင့် တနှစ်တပင်ကျ ထပ်စိုက်ထားသည်မှာ ၁၃နှစ် တိုင်ခဲ့ပြီ။ အချိန်တော်တော်များများကိုအသုံးပြုသည်မှာ ထိုအပင်များတွင်သာ။ မိုးမခပင်အောက်တွင် စာဖတ်သည်။ သူမကိုသတိရသည်။ ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်အတိုင်းလို။ ကိုယ်ဘယ်လောက်ထိ စောင့်ရမလဲ။ ပြန်လာမှာလားမမေးမိပေမယ့် နှလုံးသားတခုလုံးက သူမဆီမှာ။“လျန်…..”
နှုတ်ဖျားကနေ တိုးတိုးလေး ရေရွတ်မိသည်။ ဒီနာမည်ကိုခေါ်နေပေမယ့် ထူးမယ့်သူက မရှိတော့။
“လျန်…. မင်းမျက်ခုံးနဲ့တူတဲ့ သစ်ရွက်တွေရှိတဲ့ မိုးမခပင်တွေ ကိုယ်စိုက်ထားတယ်….”
YOU ARE READING
အိပ်မက်တို့ ပွင့်ဝေချိန်
Fantasy(Unicode Version) ချင်းလျန်သိထားတာ တခုရှိတယ်။ အဲဒါက သခင်လေးမှာ ချစ်ရတဲ့မိန်းမလှလေး ရှိနေတာပဲ။ ရေကန်ကို အလိုမကျစွာနဲ့ ငုံ့ကြည့်တော့ အညိုဖျော့ရောင် အဝတ်အစားနဲ့ အမျိုးသားဆန်ဆန်ဝတ်ထားတဲ့ပုံရိပ်ကို မြင်ရတယ်။ ဆံပင်တွေက ဖြစ်သလိုစည်းထားတယ်။ မျက်နှာကလည်း လှတ...