(၂၇) မင်းမှ ဟုတ်ပါလေစ

359 24 4
                                    







အိမ်တော်လျှောက်လမ်းတို့တွင် နှင်းများထူထပ်စွာရှိနေသဖြင့် ကျန်းဝေ့ ကော်ပြားကိုယူကာ လမ်းရှင်းနေမိသည်။ သခင်လေးက ဒီတခေါက် ခေတ်လွန်ကာလတွင် အချိန်ကြာကြာနေခဲ့ရတော့ စိတ်ညစ်နေမှာပဲဟု တွေးမိလိုက်သည်။ သူဒီနေရာကို ဘယ်လောက်မှ မခွဲနိုင်တာကို ကျန်းဝေ့အသိဆုံး။
သခင်လေးလည်း သခင်လေးလောက်ပင်။ အားလပ်ချိန်ရတာနဲ့ ဒီကိုပြန်လာနေတော့ ကျန်တဲ့ခေါင်းဆောင်ငယ်များက သခင်လေးကိုလိုက်ရှာလို့မရရင် သူ့ကိုပင် လာရှာကြသည်။ ပြောစရာရှိတာ တင်ပြစရာ ရှိတာတွေကို သူ့ဆီကနေတဆင့် အမှာပါးကြသည်။ ခေတ်လွန်ကာလနဲ့ ခေတ်ဟောင်းကာလကို ကူးချည်သန်းချည် လုပ်နေရတာကြာလာတော့ ကျန်းဝေ့ သေချင်စိတ်ပင်ပေါက်လာသည်။
ထိုခေါင်းဆောင်ငယ်တို့၏ အမှာစကားတွေကို သခင်လေးရဲ့ အရိပ်အခြေကြည့်ပြီး တင်ပြရတာထက် ရေမရှိတဲ့ချောင်းထဲ ကိုယ့်ကိုယ်ကိုသတ်သေတာက ပိုလွယ်လိမ့်မည်။ သခင်လေးရဲ့ အေးစက်တဲ့အကြည့်ဒဏ်ကို ကျန်းဝေ့မခံစားနိုင်။ တခါတုန်းက ကျန်းဝေ့ နယ်မြေငြိမ်းချမ်းရေးကိစ္စတခုကို အရိပ်သုံးပါးနားမလည်ဘဲ တင်ပြမိကတည်းက မှတ်သွားခြင်းပင်။ သခင်လေးက သူ့ကို ထိုနယ်မြေဘက်သို့ နှစ်ဝက်ကြာအောင်လွှတ်လိုက်လို့ ပြန်လာပြီးနောက်ပိုင်း အရိပ်သုံးပါးပါမက ဆယ်ပါးထိပါ ကြည့်တတ်အောင် လုပ်ထားတော့သည်။
ဂေါ်ပြားကို ဂိုထောင်တွင်ထားပြီး အထဲကပြန်ထွက်လာတော့ လှုပ်စိလှုပ်စိဖြင့် လမ်းလျှောက်နေတဲ့ သတ္တဝါလေးကို တွေ့ရပြန်ပြီ။

“ဒီကောင် ထပ်လာပြန်ပြီလား…. သူ အလစ်သုတ်စရာ အကြိုက်တွေ့တဲ့အဝတ်မျိုး မတွေ့သေးလို့ လာတာလား…”

မဟုတ်တာတွေ ထပ်တွေးမိပြန်သည်။ စားစရာလာရှာတာလည်း ဖြစ်နိုင်လောက်သည်။ ထိုငနဲလေးက သူ့ကိုမြင်လျက်ပင် နည်းနည်းမှကြောက်သွားပုံမရ။ သူ့အိမ်သူ့ခြံထဲမှာ အပျင်းပြေလေညှင်းခံ ထွက်နေသည့်အလား တလှမ်းချင်းလျှောက်လို့။ အောင်မယ်… တချက်တချက်တွင်မတော့ လွင့်ကျနေသည့် နှင်းမှုန်များကို ခေါင်းမော့ကာခံယူနေသေးသည်။ သောက်မြင်ကတ်လောက်အောင် ဆောင့်ကန်ချင်စရာ ကောင်းလောက်အောင်ပင်။ တချက်လောက် ဖနှောင့်ဖြင့်ကစ်ထည့်လိုက်ရင် ကောင်းမလားဟု ကျန်းဝေ့ တွေးမိသေးသည်။ ဒီကောင်ကြောင့် အရှက်ကွဲခဲ့ရသေးသည်ကို ပြန်အမှတ်ရတော့ နှစ်ချက်လောက်ကန်မှ တန်မည်။ အဲ့ထက်တော့ ပိုမလုပ်ချင်။ ဒင်းကောင်းမှုကြောင့် အားမြောင်နဲ့ ရေစက်ဆုံရသည်ကိုး မဟုတ်လား။
ခြေလှမ်းကို ထိုသတ္တဝါလေးရှိသည့်ထံ နှစ်လှမ်းတောင် မလှမ်းရသေး။ အဒီကောင်က သူ့အတွေးကို ကြိုသိနေသည့်အလား လှစ်ခနဲ ပြေးထွက်သွားသည်။ နေပါဦး။

You've reached the end of published parts.

⏰ Last updated: Jul 12, 2022 ⏰

Add this story to your Library to get notified about new parts!

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now