(၂၁) အတိတ်ကို ပြန်ခေါ်ခြင်း

154 12 0
                                    






ဖြစ်ပြီးသမျှတွေမှာ နောင်တအရဆုံးကိုပြောပါလျှင် ယူကြုံးမရဖြစ်မိလောက်သည်အထိ တခုရှိခဲ့သည်။ ထိုနေ့ရက်များကို မကျော်လွှားချင်ခဲ့ပါ။ သို့သော်လည်း…. မျက်လုံးကိုမှိတ်လိုက်သည်နှင့် အရိပ်တို့က ပေါ်လာသည်။ ထိုနေ့၊ အဲဒီနေ့….

“ချင်းလျန်… မင်းထွက်သွားတော့….”

ထိုစကားကို နှုတ်မှထွက်သွားပြီးနောက် အသည်းနှလုံးတခုလုံး တစစီဖြစ်သွားသလား။ သူမသည် မျှော်လင့်ထားသလိုမဟုတ်။ မည်သည့်စကားတခွန်းမှ ခွန်းတုံ့မပြန်ဘဲ အမိန့်ကိုနာခံစွာဖြင့် အိမ်တော်ကနေ နောက်မလှည့်စတမ်း ထွက်ခွာသွားသည်။ သူမကိုလှည့်ကြည့်ချင်သည့် စိတ်၊ ထွက်မသွားဖို့ တားဆီးလိုသည့်စိတ်တို့ကို အတင်းချိုးနှိမ်ရင်း ရင်ကွဲရသည်။ သူမအိမ်တော်တံခါးဝကနေ ထွက်သွားသည်နှင့်တပြိုင်နက် လက်မောင်းကိုမှီတွဲကာငိုနေသည့် ကုန်းလီရဲ့လက်ကို ခပ်ဆတ်ဆတ် ဆွဲဖြုတ်လိုက်ပြီး ထိန်းထားသည့်ဒေါသကို မြိုချရင်း အေးစက်စွာဖြင့်

“ကုန်းလီ… မင်း ဘာလုပ်ထားလဲမင်းသိမှာပါ… ဒီလောက်လေးနဲ့ ငါမသိဘူးလို့ မထင်နဲ့…”

“သခင်လေး… ကျမ ရှင်းပြပါရစေ… ကျမ… ကျမ…”

ကုန်းလီ၏ထပ်ရှင်းပြသံတွေ နားမထောင်လိုတော့။ အားလုံးကိုကျောခိုင်းပြီး အိပ်ဆောင်ဘက်သို့ ပြန်သွားလိုက်သည်။ အခန်းထဲရောက်သည်နှင့် အဝတ်စတစကို အမြင့်တနေရာမှ ပစ်ချလိုက်သည့်အလား ကြမ်းပြင်ပေါ်သို့ပြိုလဲကျသွားလျက်။ ရင်တခုလုံးနာကျင်လာသည်။ ဘယ်ဘက်ရင်အုံက စူးကနဲ အောင့်တက်လာပြီး နှုတ်ခမ်းထောင့်မှသွေးအချို့ စီးကျလာသည်ကိုလည်း ဂရုမစိုက်နိုင်တော့။

“လျန်… အရင်လို စောဒကတက်ပါဦးလား… ဘာလို့ နှုတ်ဆိတ်နေရတာလဲ…”

သူမ ဘယ်ကိုထွက်သွားမှာလဲ။ သူနဲ့အဝေးဆုံးနေရာကို ပြေးသွားမှာလား။ ဘယ်မှာနားခိုမလဲ။ ဘာကြောင့်ဒီလိုဆုံးဖြတ်ရသည်ကို ရှင်းပြချင်သေးသည်။ သူမကို အဝေးသို့ထွက်သွားစေရသည့် အကြောင်းရင်းရှိသည်။ သူမ၏ စိတ်အလောကြီးမှု၊ မဆင်ခြင်မှု၊ ဘယ်သူ့ကိုမှဂရုမစိုက်တတ်မှု၊ စိတ်ဆတ်သည့်အမူအကျင့်များက သူ့အစီအစဉ်များကို ကမောက်ကမဖြစ်သွားစေခဲ့သည်။
မှတ်ဉာဏ်အားလုံး ပြန်ရပြီးနောက်မှာ ခရီးထွက်ဖို့အကြောင်းဖန်လာသည်။ လမ်းခရီးတွင် ဓားပြများ၏ ဆွဲလားရမ်းလားလုပ်ခြင်းခံနေရသော ကုန်းလီမိန်းကလေးကို ကယ်ခဲ့သည်။ ကုန်းလီကို စတွေ့ကတည်းက မြွေဖြူမိစ္ဆာမှန်း သိသည်။ ထိုမိန်းကလေးကိုတည်ကြက်လုပ်ပြီး ထောင်ချောက်ဆင်ဖမ်းထားမှန်း သိသိချည်း ထိုကျော့ကွင်းကို တိုးဝင်ချင်ယောင်ဆောင်ခဲ့သည်။ ဒါမှ အဓိကကြိုးကိုင်သူ အမှောင်သခင်ကြီးကိုတွေ့ကာ ပြသနာရှင်းထုတ်လို့ရမည့် အလွယ်ကူဆုံးသောနည်းလမ်း။ သို့သော် အရာအားလုံးက ဆင်ထားသည့် အကွက်အတိုင်းဖြစ်မလာ။
ထိုနေ့က ချင်းလျန်ကို အဝေးသို့ထွက်မသွားခိုင်းလျှင် ဖြစ်လာမည့်အကျိုးဆက်က ကောင်းမည်မဟုတ်။ သူမ၏အစွမ်းကို အများရှေ့တွင် မဆင်မခြင်ထုတ်သုံးမှုကြောင့် အစေခံများက မိစ္ဆာဟုထင်သွားကြသည်။ ထူးဆန်းသည့်လူသေမှုများက သူမကြောင့်ဟုစွပ်စွဲကြသည်။ အဆုံးစွန်ဆိုရပါလျှင် တရားစီရင်ရေးခုံရုံးက ဖမ်းဝရမ်းထုတ်လာပြီး မသေမချင်းမီးရှို့သတ်မိန့်ပေးကာ ခန္ဓာကိုယ်ကိုအပိုင်းပိုင်းအထစ်ထစ် ခုတ်သွားနိုင်သည်။ ဒီလိုအဖြစ်မျိုးတော့ ဘယ်နည်းနဲ့မှအဖြစ်မခံနိုင်။ ထို့ကြောင့် ရင်နာနာနှင့်ပင် သူမကို ထွက်သွားခိုင်းလိုက်ရသည်။

အခန်းထဲတွင် ခေတ္တမျှကြာပြီးနောက် ချင်းလျန်ထွက်သွားရာသို့ နောက်ယောင်ခံလိုက်သွားသည်။ တကိုယ်လုံးသွေးများပေကျံနေပြီး ဦးတည်ရာမဲ့ တလှမ်းချင်းလမ်းလျှောက်နေသော သူမကိုတွေ့တော့ ပို၍ကြေကွဲရသည်။ သူမနှင့်မျက်နှာချင်းဆိုင်ကာ ကိုယ့်အမှားတွေပါဟုပြောပြီး နားလည်မှု ယူချင်သေးသည်။ နောက်ဆုံး တောနက်ထဲကကျောက်ဂူတခုသို့ ဝင်ရောက်ပြီးနောက် သတိမေ့သွားသည်ကို အခွင့်ကောင်းယူကာ သူမနားသို့ အဆောတလျင်ချည်းကပ်ပြီး ဒဏ်ရာများကို စမ်းသပ်ကြည့်လိုက်သည်။ စွမ်းအားတွေတွန်းတိုက်မှုကြောင့် အတွင်းဒဏ်ရာရနေသည်ကို အစွမ်းဖြင့်ကုသပေးပြီး သူမထံ စွမ်းအားအနည်းငယ်ကို လွှဲပြောင်းပေးလိုက်သည်။ စိတ်မချနိုင်သေးသဖြင့် လည်ပင်းမှာဆွဲထားသည့် နှင်းမြေခွေးရုပ်လေးကိုမြင်တော့ နှင်းမြေခွေးရုပ်လေးဆီပါ စွမ်းအားအချို့ထပ်ထည့်လိုက်သည်။ အရေးအကြောင်းကြုံပါက ထိုစွမ်းအားက သူမကိုကယ်လိမ့်မည်။ အနားတွင် နေ့ရောညပါဂရုစိုက်ပေးပြီး အန္တရာယ်ကင်းကင်းဖြင့် အနားယူနိုင်အောင် စောင့်ရှောက်ရင်းနေခဲ့သည်။ သတိရခါနီးသည့် အချိန်တွင်မတော့ အနားကနေကွယ်ပျောက်ရပြန်သည်။

သူမပျောက်သွားမှာကိုတော့ နည်းနည်းမှမပူပါချေ။ နှင်းမြေခွေးရုပ်ရှိနေသရွေ့ အန္တရာယ်ရှိ၊ မရှိ သိနိုင်သည့်အပြင် သူမဘယ်ရောက်ရောက် အလွယ်တကူ ရှာလို့ရသည်။
ချင်းလျန် တောထဲကရွာလေးတရွာမှာ နေထိုင်နေသည်ကို တိတ်တိတ်ကလေးပဲ စောင့်ကြည့်သည်။ တရက်တော့ ယာခင်းထဲတွင် ခြေထောက်ကိုပေါက်တူးဖြင့် မတော်တဆထိခိုက်မိသည့်နေ့တွင် သူမအခန်းဆီသို့ ညသန်းခေါင်အချိန်တွင်ရောက်သွားသည်။ ထုံးစံအတိုင်း ခေါင်းမာစွာဖြင့် ဒဏ်ရာကိုဆေးမထည့်ဘဲ ပေတေနေသည်ကိုတွေ့တော့ ရင်မောရပြန်သည်။ ဟိုးအရင်ကအတိုင်း ဘာမှမပြောင်းလဲသွား။ ခေါင်းမာစမြဲ။ ဒီအတိုင်းနေပါက အနာရင်းသွားနိုင်ပြီး ခြေထောက်ဖြတ်နေရဦးမည်။ ယခုထက်ထိ ကိုယ့်ကိုယ်ကိုဂရုစိုက်ရကောင်းမှန်း မသိသေး။

“လျန်… ကိုယ် မင်းအနား အမြဲရှိနေမှာပါ…”

တယောက်တည်း ရေရွတ်ရင်း ပြုံးမိသည်။ နိုးလာသည့်နှင့် သူ့ကိုအော်ဟစ်မောင်းထုတ်မည်ကို ကြိုတွေးမိလို့ စွမ်းအားသုံးကာ သူမကိုထိန်းချုပ်ထားလိုက်သည်။ နို့မို့ဆို ဒီကလေးမကမလွယ်။ ဆေးထည့်ပေးတာကို ငြိမ်ခံနေမှာမဟုတ်ဘဲ ငြင်းနေမှာ။ ဒါတောင် ပါးစပ်ကလှုပ်လှုပ်ရွရွနဲ့ အကြောက်အကန် ပြောနေပြီး သူ့ကိုမျက်လုံးပြူးကြည့်နေသည်ကိုမြင်ရတော့ ရယ်မိပြန်သည်။

"လျန်… ကိုယ် မင်းကိုအနိုင်ယူသလိုများ ဖြစ်သွားသလား…"



အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now