ပြောရမယ်ဆိုရင် ငါ့အတွက် ဒီလဟာ အားလပ်ရက် တော်တော်များများ ရှိတဲ့လပဲ။ သခင်လေးရဲ့ ဝေရာဝစ္စရယ် အပြစ်ပေးခံရတာလွဲလို့ ငါ့မှာ အချိန်ပို နေသားရယ်။ အဲဒီတော့ အားလပ်ချိန်တွေ အကျိုးရှိစေဖို့ စီမံရတော့တယ်။ သိပ်မစဉ်းစားရပါဘူး။ လီအာလေးရှိသားပဲ။ လီအာက ထမင်းချက်အဒေါ်ကြီးမုံ့ရဲ့ သမီးလေးပါ။ ချစ်စရာကောင်းပြီး မျက်နှာမြင် ချစ်ခင်ပါစေဆုနဲ့ ပြည့်တဲ့ ကလေးလေး။ သူ့အမေ ကပ်စေးနဲနဲ့ တခြားစီ။ အဲဒီတော့ လီအာလေးကို ထိန်းပေးရင် သူ့အမေက ငါ့ကိုကျေးဇူးတင်မှာ။ အဒေါ်ကြီးမုံ့ဆီကနေ ထမင်းတလုံးလောက် ပိုစားရဖို့ အခွင့်အရေးလည်းရမယ်။ တချက်ခုတ် နှစ်ချက်ပြတ်။
ငါ စားဖိုဆောင်သွားပြီး လီအာလေးကို သွားခေါ်ခဲ့တယ်။ ဒေါ်ကြီးမုံ့က နေ့လည်စာအတွက် လုံးပန်းနေတာမို့ ငါတို့ကို သိပ်အာရုံမရဘူး။ လီအာလေးကို အသာခေါ်ရင်း ပန်းခြံဘက် ထွက်ခဲ့တယ်။"ငါတို့ ဘာကစားရင် ကောင်းမလဲ လီအာ…"
လီအာလေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
"တူတူပုန်းတမ်း ကစားမယ် ဆိုရင်ရော…"
"အင်း… ဒါလဲကောင်းတာပဲ… နင်အရင်ပုန်း… ငါ လိုက်ရှာမယ်…"
သစ်ပင်မှာ မျက်နှာအပ်ရင်း တစ်ကနေ နှစ်ဆယ်အထိ ရေတယ်။ ပြည့်လည်းပြည့်ရော အနီးအနားမှာ အရင်ရှာကြည့်တယ်။ မတွေ့ဘူး။ နားနေဆောင်သေးသေးလေး နားဘက်မှာလည်း ရှာကြည့်တယ်။ မတွေ့ဘူး။ အိုက်ရား။ ဒီကလေး တယ်အပုန်းကောင်းတာပါလား။ ရေကန်ဘေးမှာများ ရှိမလား ရှာကြည့်တယ်။ မတွေ့ပြန်ဘူး။ ငါ ပန်းပေးပြီ အော်လိုက်ရမလား။ ငါ မလုပ်ချင်ဘူး။ ၄နှစ်သမီး ပုန်းနေတာ ရှာမတွေ့ရအောင် နည်းနည်းတော့ အဖြစ်ရှိဦးမှ။ နောက်ဆုံးတော့ သတိရသွားတယ်။ လီအာလေးက သစ်ပင်တက်ကျွမ်းတာကို ဘာလို့ မေ့နေတာပါလိမ့်။ နှဖူးကိုရိုက်ရင်းနဲ့ သစ်ပင်တွေပေါ် ခေါင်းမော့ရှာကြည့်တော့မှ တွေ့ပါပြီ မျောက်လွှဲကျော်လေး။ မက်မွန်ပင်မှာ သူ့ဂါဝန်စလေး တွဲလောင်းကျလို့။
"မိပြီကွ…"
လီအာလေး တခစ်ခစ်ရယ်ရင်း
"မမလျန် ချီချပေး…"
YOU ARE READING
အိပ်မက်တို့ ပွင့်ဝေချိန်
Fantasy(Unicode Version) ချင်းလျန်သိထားတာ တခုရှိတယ်။ အဲဒါက သခင်လေးမှာ ချစ်ရတဲ့မိန်းမလှလေး ရှိနေတာပဲ။ ရေကန်ကို အလိုမကျစွာနဲ့ ငုံ့ကြည့်တော့ အညိုဖျော့ရောင် အဝတ်အစားနဲ့ အမျိုးသားဆန်ဆန်ဝတ်ထားတဲ့ပုံရိပ်ကို မြင်ရတယ်။ ဆံပင်တွေက ဖြစ်သလိုစည်းထားတယ်။ မျက်နှာကလည်း လှတ...