(၂၂) ခန့်မှန်းရခက်တဲ့ လီသခင်လေး

163 18 0
                                    






အိမ်တော်ဝင်းထဲကြွေကျထားတဲ့ သစ်ရွက်ခြောက်များလှဲနေရင်းကနေ ကျန်းဝေ့ လီသခင်လေးကို တချက်တချက် လှမ်းကြည့်လိုက်သည်။ သူ့ပုံမှာ အများမြင်ရင် ကလေးတယောက် မျက်စိအောက်ကနေ ပျောက်သွားမှာစိုးလို့ စိုးရိမ်နေသည့်အလား။ သစ်ရွက်ခြောက်တွေကို တရှဲရှဲမြည်သံထွက်သည်အထိ နာနာလှည်းနေရင်းကနေ စောင်းငဲ့ကြည့်လိုက်တော့ လီသခင်လေးသည် ချင်းလျန်နေခဲ့သည့်အခန်းထဲသို့ ဝင်သွားသည်ကို တွေ့လိုက်သည်။

“လီသခင်လေး…. ဘယ်အချိန်ထိ ဒီလိုမျိုး လုပ်နေဦးမှာလဲ…”

ခပ်တိုးတိုး ညည်းမိပြန်သည်။ ဒီလိုညည်းနေတာ တကြိမ်မက အကြိမ်ပေါင်းထောင်သောင်းများစွာပင် ရှိနေပြီ။ သို့သော်လည်း ကိုယ်တိုင်ကပင် ချင်းလျန်ကို သတိရနေတတ်သေးသည်မို့ မပြောသာ။ ချင်းလျန်အခန်းဘက်ရောက်အောင် တံမြက်စည်းကို လှည်းချင်ယောင်ဆောင်လိုက်ပြီး အခန်းတွင်းဘက် အကဲခတ်ကြည့်သည်။ လီသခင်လေးက ချင်းလျန်အခန်းထဲ သူကလွဲပြီး ဘယ်သူမှမဝင်ရ အမိန့်ထုတ်ထားသည်။ ကိုယ်တိုင်ကိုယ်ကျ အခန်းသန့်ရှင်းရေးလုပ်နေသော လီသခင်လေးကိုကြည့်ရင်း ချင်းလျန်ကို ဒီမြင်ကွင်းမျိုး မြင်သွားစေချင်သေးသည်။

“ချင်းလျန်…. သခင်လေးက နင့်ကို တကယ်ချစ်တာဟ…”

အခန်းထဲတွင် သခင်လေး ကျောက်တုံးမအပြစ်ပေးရင် လူလည်ကျထားသော ပုံစံတူကျောက်တုံးများ ရှိနေသည်။ ထိုအပြစ်မျိုးပေးခံရသည့်အခါတိုင်း သူကျောက်တုံးလဲပေးသည်ကို သခင်လေးမသိဘဲ နေမည်မဟုတ်။ သိသိချည်းနှင့်ဘာမှမပြောဘဲ မမြင်ချင်ယောင်ဆောင်ထားသည်ကို ကျန်းဝေ့အသိဆုံး။ သူတို့နှစ်ယောက် အတွဲညီစွာအချောင်ခိုနေသည်ကို သခင်လေးသည် အဆောင်ထောင့်ကနေ လှမ်းကြည့်နေတတ်သည်ကို သိသည်။ ချင်းလျန်ကိုတော့ ဘယ်တော့မှမပြောဖြစ်။
တံမြက်စည်းလှည်းချင်ယောင်ဆောင်ပြီးနောက် တကိုယ်လုံး ဖုန်တွေကပ်နေသည့်အတွက် လူကမနေသာတော့။ နွေရာသီမို့ အိုက်စပ်စပ်ရှိလှသည့်အပြင် ချွေးများကြောင့် ယားကျိကျိ ဖြစ်လာသလိုလို။ စမ်းချောင်းဘက်သွားပြီး ရေသွားစိမ်နေမှ အပူဒဏ်ကိုအံတုနိုင်မည်လို့ တွေးလိုက်မိသည်။ အဝတ်အစားတစုံကို ယူလိုက်ပြီး အိမ်တော်နှင့်ခပ်ဝေးဝေးတွင်ရှိနေသည့် စမ်းချောင်းသို့သွားလိုက်သည်။ အဝတ်အစားများကိုချွတ်၊ အတွင်းခံဘောင်းဘီရှည်တထည်ဖြင့်သာ ချောင်းထဲသို့ခုန်ချပြီး ရေစိမ်နေလိုက်တော့သည်။ အိုက်စပ်စပ်ရှိလှသည့်ခန္ဓာကိုယ် အပူငြိမ်းသွားတော့ စိတ်ကတောင်တွေးမြောက်တွေးနှင့် ချင်းလျန်နှင့်သခင်လေးအကြောင်း စိတ်ရောက်သွားသည်။ ကျန်းဝေ့ မျက်လုံးမှိတ်လိုက်ကာ အာရုံတွင်ပေါ်လာသည့် ပုံရိပ်တို့ကို ဆက်စပ်ကြည့်လိုက်သည်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now