“သခင်လေး…..”
အထိတ်တလန့် ရေရွတ်လိုက်မိတယ်။ သူဘယ်လိုလုပ် ငါရှိတဲ့နေရာ သိသွားတာလဲ။ ငါ ချွေးစီးတွေတောင် ပျံလာတယ်။
“မင်းဘယ်လိုပုန်းပုန်း ဘယ်သူမှမသိနိုင်ဘူးလို့ ထင်နေတာလား….”
မေးလည်းမေးရင်းနဲ့ သခင်လေးကငါ့ခုတင်ဘက် တလှမ်းချင်းစီ လျှောက်လာတယ်။
"ဟင့်အင်း… မလာနဲ့… ငါ့နားမလာနဲ့ … ထွက်သွားစမ်း…"
စိတ်ထဲမယ် အပြင်းအထန်အော်နေပေမယ့် နှုတ်က အာစေးမိထားတဲ့အတိုင်းပဲ။ ဘာစကားမှ မပြောနိုင်တော့ဘူး။ အနားရောက်တော့ သူကကုတင်ခြေရင်းမှာ မုဆိုးထိုင်ထိုင်လိုက်ပြီး ဒဏ်ရာရထားတဲ့ င့ါခြေထောက်ကို ဆွဲယူလိုက်တယ်။ ရုတ်တရက်ဆန်တဲ့အပြုအမူကြောင့် ပါးစပ်အဟောင်းသားနဲ့ တခုခုပြောဖို့ကြိုးစားပေမယ့် စကားမပြောနိုင်တဲ့အပြင် တကိုယ်လုံးပါ လှုပ်လို့မရတော့လောက်အောင် ချုပ်ကိုင်ထားသလိုပဲ။ ငြင်းဆန်ဖို့အင်အားသုံးလည်း မရတော့ဘူး။ သူငါ့စွမ်းအားတွေ ပိတ်လိုက်တာလား။
“အရင်တုန်းက အတိုင်းပဲ… မင်း ဘာမှမပြောင်းလဲသွားဘူး…”
“…………….”
ဒါ ဘာကိုဆိုလိုချင်တာလဲ။ ဘာတွေပြောင်းလဲသွားချင်လို့လဲ။ သခင်လေးက ငါ့အကျင့်တွေပြောင်းလဲသွားဖို့ မျှော်လင့်နေတာလား။ မလိုဘူးလေ။ ကိုယ့်စိတ်နဲ့ကိုယ် နေပါရစေ။ ငါက ငါ…
“အပြစ်ပေးမယ့်သူ မရှိတော့တာ ဘယ်လိုနေလဲ… ဒီမှာ မင်းပျော်နေပုံရတယ်…”
“…………..”ကြည့်ရတာ အပြစ်ဒဏ်ပေးချင်နေတာလား။ ငါ သူ့အပြစ်ဒဏ်ကို အသာတကြည်နဲ့ခံယူမယ်များ မှတ်နေလား။ ဝေးသေး။ သူ့အိမ်တော်ကလူ မဟုတ်တော့ဘူး။ အိမ်တော်က ထွက်လာပြီးကတည်းက သူနဲ့ငါ ဘာဆို ဘာမှမဆိုင်တော့ဘူး။ သွားစမ်းပါ။
သခင်လေးက ခြေထောက်ကဒဏ်ရာကို အသင့်ယူလာတဲ့ဆေးထည့်ပေးပြီး အဝတ်စသန့်သန့်နဲ့ ပြန်စည်းပေးတယ်။ သူလုပ်သမျှအားလုံးကို ငါတော့ ကြောင်စီစီနဲ့လိုက်ကြည့်နေမိတယ်။ သူ့ကိုစကားပြောဖို့ အတင်းကြိုးစားပေမယ့် မရဘူး။ စကားလုံးတွေက မထွက်လာတော့ဘူး။ လည်ချောင်းဝမှာတင် ပျောက်သွားသလိုပဲ။ သခင်လေးပတ်တီးစည်းနေရင်း င့ါကိုမော့ကြည့်လာတယ်။ လရောင်နည်းနည်းလေးရှိနေတော့ သူ့မျက်နှာကိုမြင်နေရတယ်။ မျက်နှာအရိပ်အကဲခတ်ကြည့်ချင်ပေမယ့် သေချာမမြင်ရဘူး။ ငါပြူးပြဲကြည့်နေတာမြင်တော့ ရှားပါးစွာပဲပြုံးပြလာတယ်။ ပတ်တီးကို အဆုံးသတ်ချည်ပေးပြီးနောက်မှာ သခင်လေးကထရပ်ပြီး ငါ့မျက်ခုံးတွေကို သူ့လက်နဲ့ အသာထိကိုင်နေပြန်ရဲ့။ ညစ်ပတ်လိုက်တာ။ ခြေထောက်ကိုကိုင်ထားတဲ့လက်နဲ့ လာကိုင်နေတယ်။ သူ့လက်ကို ရှောင်လိုက်ချင်ပေမယ့်လည်း……
YOU ARE READING
အိပ်မက်တို့ ပွင့်ဝေချိန်
Fantasy(Unicode Version) ချင်းလျန်သိထားတာ တခုရှိတယ်။ အဲဒါက သခင်လေးမှာ ချစ်ရတဲ့မိန်းမလှလေး ရှိနေတာပဲ။ ရေကန်ကို အလိုမကျစွာနဲ့ ငုံ့ကြည့်တော့ အညိုဖျော့ရောင် အဝတ်အစားနဲ့ အမျိုးသားဆန်ဆန်ဝတ်ထားတဲ့ပုံရိပ်ကို မြင်ရတယ်။ ဆံပင်တွေက ဖြစ်သလိုစည်းထားတယ်။ မျက်နှာကလည်း လှတ...