အခန်းတံခါးကို ဖြည်းညင်းစွာတွန်းဖွင့်လိုက်ပြီး အခန်းထဲသို့ဝင်လိုက်သည်။ ခြေသံဖွဖွသာ ထွက်အောင်လျှောက်ကာ အခန်းကိုဝေ့ကြည့်ရင်း ချင်းလျန်သာ သူ့အခန်းထဲ အခွင့်မရှိဘဲဝင်နေတာတွေ့ရင် မျက်နှာကြီးစူပုပ်ပြီး မကျေနပ်ကြောင်း နှုတ်ခမ်းတလှုပ်လှုပ်နဲ့ အသံမထွက်အောင်ပြောနေမည့် ပုံစံကိုမြင်ယောင်ရင်း လီရှန်း ပြုံးလိုက်မိသည်။ ဘာကြောင့်ရယ်မသိ။ သူမ မရှိတော့ပေမယ့် သူမအကြောင်း တွေးမိရင် အနားမှာ ရှိနေသလိုလိုခံစားရသည်။
အခန်းထဲရှိ အသုံးအဆောင်ပစ္စည်းများကို လိုက်ကြည့်ရင်း သန့်ရှင်းရေးထပ်လုပ်လိုက်သည်။ စောင်တွေ ခေါင်းအုံးတွေ နေသားတကျဖြစ်နေပေမယ့် ပိုပြီးကြည့်ကောင်းအောင်ပြန်လုပ်သည်။ စောင်ကိုပြန်ခေါက်သည်။ အိပ်ရာပေါ်ရှိ ဖတ်လက်စစာအုပ်လေးက သူမ ချန်အိမ်တော်ကထွက်သွားစဉ်က အတိုင်း။ နေရာမပြောင်းဘဲ ထားထားသည်။ စားပွဲပေါ်တွင် စာလိပ်တွေက ဖရိုဖရဲ။ ဒါလည်း ဒီအတိုင်းလေးပဲထားကာ ဖုန်တက်သလိုထင်နေရသည့်နေရာကိုသာ အဝတ်စဖြင့်သုတ်လိုက်သည်။
အလှပြင်သည့်နေရာတွင်မတော့ ဘာမှမရှိ။ အလှရော ပြင်တတ်ရဲ့လား။ သူတွေးကြည့်သည်။ မျက်နှာကို မှန်မှာရောကြည့်မိရဲ့လား။ သူ့ရဲ့လျန်က အလိုနည်းတတ်တဲ့သူလား။ အဝတ်အစားထည့်ထားသည့် ဘီဒိုကိုဖွင့်ကြည့်ရင်း စဉ်းစားလိုက်မိသည်။ အသင့်ယူလာသည့်စက္ကူဗူးကိုဖွင့်ပြီး အထဲမှပစ္စည်းကို ထုတ်ယူလိုက်သည်။ ကိုယ်တိုင်ချုပ်ထားပေးသည့် ဖိနပ်ကို သူမစီးလိုစိတ် ရှိပါ့မလားပဲ။
အခန်းထဲကထွက်လာပြီးနောက် မိုးမခပင်တွေရှိသည့်ဘက်လျှောက်ရင်း ရေကန်နားရှိ နားနေဆောင်နားမှာ သူမစိုက်ထားခဲ့သည့် နှင်းဆီတောကိုမြင်တော့ ရင်တခုလုံး ဟာတာတာဖြစ်သွားသလို။ နှင်းဆီပင်တွေက သစ္စာရှိစွာပင် သူမသေဆုံးသွားပြီးကတည်းက တပွင့်မှမပွင့်တော့။ ပိုင်ရှင်ပြန်လာမှ ပွင့်မည့်သဘောလားလေ။“လျန်… ဘယ်တော့ ပြန်လာမလဲ…”
“ကိုယ်စောင့်နေတာ မင်းသိမှ သိပါ့မလား….”
“မင်း ပြန်လာရင် ကိုယ်တို့အတူ လရောင်အောက်မှာ လမ်းလျှောက်ကြမယ်…. ကိုယ်ဘယ်လောက်ထိ မင်းကို သတိရတယ်ဆိုတာ ပြောပြမယ်….”
YOU ARE READING
အိပ်မက်တို့ ပွင့်ဝေချိန်
Fantasy(Unicode Version) ချင်းလျန်သိထားတာ တခုရှိတယ်။ အဲဒါက သခင်လေးမှာ ချစ်ရတဲ့မိန်းမလှလေး ရှိနေတာပဲ။ ရေကန်ကို အလိုမကျစွာနဲ့ ငုံ့ကြည့်တော့ အညိုဖျော့ရောင် အဝတ်အစားနဲ့ အမျိုးသားဆန်ဆန်ဝတ်ထားတဲ့ပုံရိပ်ကို မြင်ရတယ်။ ဆံပင်တွေက ဖြစ်သလိုစည်းထားတယ်။ မျက်နှာကလည်း လှတ...