ရလဒ်ကတော့ သခင်လေးဆူတာ ကောင်းကောင်းကြီး ခံလိုက်ရတယ်။ နောက်ဆို လက်ဖက်ခြောက်လေး အမြဲဆောင်ထားမှ။ သူဆူရင် လက်ဖက်ခြောက်ထည့်ခပ်ရုံပဲ။ ဧည့်သည်ခင်ပွန်းလောင်းကြီးကို ပေါက်ကရလေးဆယ်ပြောမှုနဲ့ ဒဏ်ပေးခံရတယ်။ သူ့အခန်းရှေ့မှာ ၁၅ပေါင်လောက်လေးတဲ့ ကျောက်တုံးကို ခေါင်းပေါ်လက်နဲ့မြှောက်ပြီး ဒူးထောက်ခံထိသွားတယ်။ ၃ရက်တိတိတဲ့။ သေတာပဲ။ ယုံမြစ်ကရေကို သွားခပ်ခိုင်းတာလောက် မဆိုးသေးဘူးလို့တော့ထင်သား။ ပြန်စဉ်းစားကြည့်ရင် ငါပြောတာ ဘာအမှားမှမပါဘဲ။ ငါလုပ်ဖူးတာတွေ၊ ကြိုက်တာတွေကိုပြောတာ အတော်ကြီးများ အပြစ်ရှိသွားတာလား။ ဒါလေးတောင် သူတို့တွေမသိကြဘူးလား။ အတော်သနားစရာကောင်းတဲ့သူတွေ။
ဝေ့အစ်ကိုက သခင်လေးအလစ်မှာ ငါကိုင်မြှောက်ထားရတဲ့ ကျောက်တုံးကို လာလဲပေးတယ်။ ကျောက်တုံးက အရွယ်အစားတူ၊ ပုံစံတူ လုပ်ထားတာ။ အလေးချိန်က ၇ပေါင်လောက်ပဲရှိတော့ တဝက်လောက်ကွာသွားတယ်။ ဒါငါတို့ သခင်လေးရဲ့ဒဏ်ပေးခံထိရင် ခဏခဏလုပ်နေကြ။ သတ်မှတ်ချိန်ကုန်ခါနီးရင်း မူရင်းကျောက်တုံးနဲ့ပြန်လဲပြီး အတုကို ကိုယ့်အခန်းထဲထည့်ဝှက်ထားရုံ။ ဝေ့အစ်ကိုက ဒါမျိုးကျ စိတ်ရင်းကောင်းပါတယ်ဆို။ ငါ့မှာဖြင့် သခင်လေးရှိရင် ကျောက်တုံးကို သေချာမြှောက်ကိုင်လိုက်၊ သခင်လေးမျက်စိရှေ့ မရှိတော့တာနဲ့ ခေါင်းပေါ်ရွက်လိုရွက်၊ ပုခုံးပေါ်တင်လိုတင်၊ ရင်ခွင်ပိုက်လုပ်လိုလုပ်၊ ညဘက်ရောက် လူခြေတိတ်တာနဲ့ ငုတ်တုတ်ထိုင်ပြီး ကျောက်တုံးကိုပေါင်ပေါ်တင် မေးထောက်အိပ်လုပ်လိုက်နဲ့ ၃ရက်မြောက်နေ့ ရောက်လာတာပဲ။
နောက်ဆုံးနေ့ညနေ ရောက်ခါမှ သခင်လေးက ဘာစိတ်ကူးပေါက်သည်မသိ။ ဒဏ်ပေးခံရတဲ့ရှေ့နား လာထိုင်နေပြီး လက်ဖက်ရည်ကို တစိမ့်စိမ့်သောက်နေတယ်။ စားပွဲတွေကုလားထိုင်တွေ အကျအနခင်းပြီးတော့ပေါ့အေ။ သူပြန်ထွက်သွားဖို့ အကြိမ်ကြိမ်ဆုတောင်းနေရတာ တညနေလုံးသာ ကုန်သွားတယ်။ သခင်လေးကဒီအတိုင်း။ ဝေ့အစ်ကိုက ကျောက်တုံးလာလဲပေးဖို့လာတော့ သခင်လေးကိုမြင်ပြီး ပန်းချုံနောက်အပြေးပုန်းတာ ငါမြင်လိုက်သေးတယ်။ ဒီမှာက အခြေအနေမဟန်ဘူးလေ။ သခင်လေးက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်အသာချရင်း ငါ့ဘက်လျှောက်လာတယ်။
YOU ARE READING
အိပ်မက်တို့ ပွင့်ဝေချိန်
Fantasy(Unicode Version) ချင်းလျန်သိထားတာ တခုရှိတယ်။ အဲဒါက သခင်လေးမှာ ချစ်ရတဲ့မိန်းမလှလေး ရှိနေတာပဲ။ ရေကန်ကို အလိုမကျစွာနဲ့ ငုံ့ကြည့်တော့ အညိုဖျော့ရောင် အဝတ်အစားနဲ့ အမျိုးသားဆန်ဆန်ဝတ်ထားတဲ့ပုံရိပ်ကို မြင်ရတယ်။ ဆံပင်တွေက ဖြစ်သလိုစည်းထားတယ်။ မျက်နှာကလည်း လှတ...