မှုခင်းစိတ်ပညာရှင် (၉)

196 35 0
                                    

လင်းချန် လှေကားထစ်ပေါ်တက်လာပြီး ထီးကိုပိတ်လိုက်သည်။ ပြီးတော့ ရေတွေကို ခါချလိုက်သည်။ ရေကန်ထဲမှ တက်လာတဲ့သူလို သူ့တစ်ကိုယ်လုံးစိုရွှဲနေသည်။ သို့သော် ပြာယာခတ်မနေပါဘူး။ နှုတ်ဆက်စကားတွေ၊ စကားလှတွေ  ပြောမနေဘဲ
“ဒီအမှုကို မင်းဖြေရှင်းချင်သလား”
လို့ လင်းချန် တိုက်ရိုက်မေးချလိုက်သည်။

“အင်း ဟုတ်တယ်”
“ကျွန်တော့်ကို ယုံသလား”
“ယုံပါတယ်”
“ပေးဆပ်ရမှာတွေရှိလာရင်ကော ကြောက်နေမှာလား”
“ဟုတ်တယ်၊ ကြောက်မိမှာပါ”
ရှင်းကုန်းလျန် အမှန်အတိုင်းဖြေသည်။

ညွှန်ကြားရေးမှူး ဖန်ကိုင်းရဲ့ သတိပေးမှုကို မှတ်မိနေတာကြောင့် လင်းချန်၏ အမေးကို အနည်းနှင့် အများဆိုသလို ကုန်းလျန် နားလည်သည်။ သူ့အဖြေကို သိပ်သဘော တွေ့မယ် မဟုတ်ဘူးလို့ တွေးထားပေမယ့် လင်းချန်က ပြုံးနေပါသည်။ သည်အခါမှ ကုန်းလျန်ကလည်း ရယ်ကာမောကာ ပြောသည်။
“ဒါပေမယ့် ငါ့အတွက်က အမှုမဖြေရှင်းနိုင်လို့ အပိုဆုကြေးမရမှာကို ပိုကြောက်ပါတယ်......... အခုရာသီက  ပုစွန်ချိန်ပဲမလား...ဟဲဟဲ..”

လင်းချန် သူပြောတာကို သဘောတူကြောင်း ခေါင်းငြိမ့်ပြသည်။
“ဆိုတော့ကာ  မင်းရဲ့ အပိုဆုကြေးနဲ့ ကျောက်ပုစွန်အတွက် ကျွန်တော် ကူညီပါရစေ”

* * * * * * * * * *
လင်းချန်ကို အကူအညီတောင်းမယ်လို့ ဆုံးဖြတ်ထားပြီး သည့်နောက်တွင် သိပ်ပြီးမမျှော်လင့်ထားခဲ့ ဖို့ကိုလည်း ကုန်းလျန်တွေးထားသည်။ သူ့ဘက်က ငြင်းပယ်မယ့် အခြေအနေက ပိုများမယ်လို့လည်း ယုံကြည်နေမိခဲ့သည်။ အခုလို လင်းချန်ကိုယ်တိုင်က
“ ကူညီပေးပါရစေ” လို့ ပြောလာမည်မှန်း လုံးဝမတွေးထားခဲ့ဖူးပေ။

ဆရာ့ရုံးခန်းထဲမှာ ဆွေးနွေးခဲ့သည့် ကိစ္စသာမရှိခဲ့လျှင် လင်းချန်က နေရာတကာပါရတာ ကြိုက်တယ် ဆိုပြီးတွေးမိဦးမည်။
“နောက်ဆက်တွဲ ကိစ္စတွေကို ကြောက်လား”
လို့ ပြောလာကတည်းက နှစ်ယောက်စလုံးရင်ဆိုင်ရမည့် အခက်အခဲ၊ ဖိအားတွေကို လင်းချန်သိနှင့်ပြီး ဖြစ်မှန်း ကုန်းလျန် နားလည်သွားသည်။
ဒါတောင် ထီးလေးတစ်ချောင်းတည်းဖြင့် မိုးသည်းထဲကနေ ဤနေရာကို ရောက်အောင်လာခဲ့သည်။

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now