ပြတင်းပေါက်က တံခါးလာခေါက်သံကြောင့် လင်းချန်နိုးလာသည်။ အဝါရောင် ခေါင်းစွတ် ဝတ်ရုံဝတ် ထားသော သန့်ရှင်းရေး အဒေါ်ကြီးက ပြတင်းတံခါးနားတွင် ရပ်နေသည်။ လင်းချန် အိပ်ရာထဲက ထကာ တံခါးသွားဖွင့်ပေးတော့ သူမသည် စိတ်ရှုပ်နေသည့်ပုံဖြင့် စကားကို ပြတ်ပြတ် ပြောလာသည်။
“ရှောင်လင်း.....ရန်ကျွင်းရဲ့ စတိုခန်းသော့ နင့်ဆီမှာ ရှိလား”
လင်းချန် ခေါင်းခါသည်။ ထို့နောက် ရုတ်ချည်းသတိရသွားသည့်ပုံဖြင့်
“ဒီနေ့ ကျောင်းပိတ်တယ်မလား ဗျ”
“ဟုတ်တယ်..သိတဲ့အတိုင်း သူဌေးက ငါတို့ကို နားရက်မပေးတာ”
အဒေါ်ကြီးက တံမြက်စီးအရှည်ကြီးကို မှီလိုက်သည်။ လင်းချန်က မူမမှန်ပဲ ထူးခြားနေတာ တစ်ခုကို သတိပြုမိသွားသည်။ အဒေါ် ပေါက်ဂျယ် က ရန်ကျွင်းသော့ လိုချင်တာကို ဘာလို့သူ့ဆီ လာတောင်း သလဲပေါ့။
“သော့ရချင်တာ..ကျွန်တော့်ဆီလာတောင်းရ
မယ်လို့ ဘယ်သူပြောထားတာလဲ ဗျ”
“အို........နင်တို့ နှစ်ယောက်က ရင်းနှီးကြလို့လေကွယ်”အဒေါ်ကြီးက ပြုံးသည်။ သူမသည် ရုပ်ချောချော လူငယ်လေးကို စရတာ သဘောကျတာကြောင့် စကား တွေ သွက်နေသည်။
“ကောင်မလေးက အလုပ်ထွက်သွားပြီ...သူ့သော့ကို နင့်ဆီမှာ ထားခဲ့တယ်လို့ပြောသွားတာပဲ.... အားလုံး လည်း သိနေတာပဲ..ကိစ္စတစ်ခုခုရှိရင် သူက နင့်ဆီ သွားတတ်တာကို..”အမျိုးသမီးကြီးက စကားတွေ ဆက်ပြီးဖောင်ဖွဲ့နေသော်လည်း လင်းချန်ကမူ မကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်လာတော့မည်မှန်း ကြိုသိနေတော့သည်။ ရုရန်ကျွင်းက အလုပ်က နှုတ်ထွက်သွားပြီ။ ပြီးတော့ သော့ တွေကို ပြန်အပ်ခဲ့ရမည့်အစား လူတွေအားလုံးကို သော့တွေက လင်းချန်ဆီမှာပါဟု ပြောခဲ့သည်တဲ့လား။ ဒါပေမယ့် သော့တွဲတွေက သူ့ဆီမှာရှိမနေခဲ့ပါ။ ဖွင့်မည့်သော့ မရှိလျှင် ထောက်ပံ့ရေးဌာနက ဤတံခါးကို ဖြိုဖျက်ရပေမည်။
*** ထိုတံခါးနောက်ကွယ်မှာ ဘာတွေများရှိနေလို့လဲ ***
“ကျွန်တော့်မှာ ရှိရင်တော့ရှိမှာ.....ရှာရဦးမယ်....အရင် တစ်ခြားနေရာကိုသွားလိုက်ပါ”
လင်းချန်က သည်လိုပြောပြီးသည်နှင့် ချက်ချင်း အိပ်ရာဘေးသို့သွားကာ ကုန်းလျန်၏ ဖုန်းကိုခေါ်လိုက် သည်။
YOU ARE READING
မှုခင်း စိတ်ပညာရှင် ( translation novel)
Misteri / ThrillerOriginal Author , Zhong-er All right reserved to original author Translator, Nan Khin Ei Ei Tin Genre ; psychology, crime, murder, BL, modern ဂျူနီယာ ကျောင်းသားအဆောင်လေးရဲ့ တည်ကြည်လွန်းတဲ့ အဆောင်မန်နေဂျာ လင်းချန်နှင့် ဟုန်ကျင့်မြို့ ရာဇဝတ်မှု နှိမ်န...