သူတို့နှစ်ယောက်အရှေ့တွင် “ရင်ခွဲရုံ” ဟု စာထွင်းထားသော သာမန်အဖြူရောင် သစ်သား တံခါးလေးရှိသည်။ ရေနံဆီ မီးခွက်ကလေးဟာ အပေါ်စီးကနေ တဖျတ်ဖျတ် လင်းလက်၍ နေသည်။ မည်သူ့ကိုမှ မမြင်ရတော့ ပေမယ့် ငိုကြွေးရှိုက်ငင်သံသည် ဤနေရာအထိကြားနေရဆဲပင်။
လုံခြုံရေးခေါင်းဆောင်သည် သော့ထုတ်ပြီး တံခါးကို ဖွင့်လိုက်သည်။ အအေးခန်းမှ လေဟာ အားလုံး၏ မျက်နှာများဆီသို့ တိုးဝှေ့လာသည်။ ၂၀၀ မီလီမီတာ သာကျယ်သော အကန့်များထဲတွင် အလောင်းကောင်များကို သိမ်းစည်းလို့ထားသည်။ အလောင်းစင်များကလည်း တစ်ခုနှင့်တစ်ခု နီးကပ် လွန်းလှပြီး အဖြူရောင် ပိတ်စများက ကြမ်းပြင်ပေါ်တွင် အပုံလိုက်လျှောကျနေ၏။
သေချာပေါက်ပင် ဤအခန်းက ကျဉ်းမြောင်းလွန်းလှသည်။ သို့သော် သေခြင်းနှင့် ရှင်ခြင်းကြားမှ ကွာခြားမှုသည် ကောင်းကင်နှင့် မြေကြီးပမာ ကျယ်ပြောဝေးကွာနေသယောင်။
သားသားနားနား ဝတ်စားထားသော အလောင်း၏ စင်က ပိုင်ရှင်မဲ့နေသည်။ လင်းချန်မှာ အနားသို့ တိုးကာ ထိုစင်သို့ သွားကြည့်သည်။ ကျဉ်းကျုတ်လွန်းလှသည့် နေရာကြောင့် ဘေးနားမှ သေလူ၏လက်ကို သွားထိမိသည်။ လင်းချန်က ဖြူဖတ်ပြီး မာကျောနေသော ထိုလက်ကို ကြည့်ကာ ဖုဟောင် ပြောခဲ့ဖူးသည်ကို သတိရသွားသည်။ တရားခံက “လူသေရုံ” ထဲက ကုတင်ပေါ်မှာ လှဲလျောင်း အိပ်စက် ခဲ့သည်တဲ့။*** မည်သည့်အတွက်ကြောင့် အလောင်းကောင်များ၏ အောက်မှာ အိပ်ခဲ့ပါသနည်း ***
*** ဘယ်လို ခံစားချက်မျိုးကို ခံစားခဲ့ရပါသနည်း ***
*** ယုတ္တိတန်သည့် အကြောင်းပြချက်ကို တွေးလို့မရလျှင် မျက်လုံးမှိတ်ပြီး ကိုယ်တိုင် ခံစားကြည့်ရပါမည် ***လင်းချန်က ကျနေသော ပိတ်စဖြူများကို ဖယ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ လှဲလျောင်း လိုက်သည်။ ကြမ်းခင်းဟာ အေးစိမ့်၍ နေသည်။ ဘာကိုမျှ မမြင်ရတော့သလို၊ အသံပလံများကိုလည်း မကြားရတော့ပါ။ သူ၏ အာရုံခံစားမှုများ အလုပ်မလုပ်တော့သလိုမျိုး အတွေးစိတ်ကသာ ကျန်နေ ခဲ့သည်။ သူ့ အနားမှ လူသေကောင်များ၏ ဘဝကို စိတ်ကူးကြည့်နိုင်သည်။ စိတ်မချမ်းမြေ့ဖွယ် ဘဝများမှာ၊ သို့တည်းမဟုတ် ပျော်ရွှင်ဖွယ်ရာ ဘဝများမှာ ရှင်သန်နေထိုင်ခဲ့ကြသည်လား။ မည်သို့ မည်ပုံ မွေးဖွားလာခဲ့ကြပြီး မည်သို့ မည်ပုံ ကမ္ဘာလောကမှ အပြီးတိုင်ထွက်ခွာ သွားခဲ့ကြသနည်း စသည်ဖြင့် အတွေးနယ်ချဲ့နိုင်သည်။
YOU ARE READING
မှုခင်း စိတ်ပညာရှင် ( translation novel)
Mystery / ThrillerOriginal Author , Zhong-er All right reserved to original author Translator, Nan Khin Ei Ei Tin Genre ; psychology, crime, murder, BL, modern ဂျူနီယာ ကျောင်းသားအဆောင်လေးရဲ့ တည်ကြည်လွန်းတဲ့ အဆောင်မန်နေဂျာ လင်းချန်နှင့် ဟုန်ကျင့်မြို့ ရာဇဝတ်မှု နှိမ်န...