#Unicode
"ဘယ်လိုဖြစ်ရတာလဲ လူလေးရယ်....နောက်တစ်ခေါက်လောက်ထပ်ပြီး စဥ်းစားပါဦး..."
ထယ်ယောင်း လှေကားပေါ်မှ ဆင်းလာတုန်း ကြားလိုက်ရသည့် အိမ်တော်ထိန်းလီ၏ အသံကြောင့် လှမ်းကြည့်မိတော့ ဧည့်ခန်းထဲ၌ ဂျောင်ဂုနဲ့အတူရပ်ကာ စကားပြောနေတာဖြစ်၏။
ကြမ်းပြင်ထက်ချထားသော အထုတ်အပိုးတွေက ဂျောင်ဂုပစ္စည်းတွေ ဖြစ်ပါလိမ့်မည်။သူ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။"တောင်းပန်ပါတယ် ဦးလေးကြီး...ဒီအခြေနေမှာ မသွားချင်ပေမယ့် ကျွန်တော့်မှာ တစ်ခြားကိစ္စလေးတွေရှိလို့ပါ...."
ဒီစကားအရ သူက ထွက်သွားတော့မယ်ပေါ့။တော်တယ် ဂျောင်ဂု....မင်း ငါနဲ့ဝေးရာမှာရှိနေမှ စိတ်ချရမှာ။
စိတ်ထဲက စကားနဲ့ကွဲလွဲစွာပင် တုန်ရီလာသောလက်တွေ..."အင်း...ဦးလေးကြိိီး နားလည်ပါတယ်လေ...မောင်ရင်စိတ်က ဆုံးဖြတ်ပြီးပြီဆိုတော့လည်း မတက်နိုင်ဘူးပေါ့....မင်းသားလေးအတွက် တွေးမိရင် စိတ်မကောင်းရပြန်ဘူး.."
"သွားမယ့်သူနောက်ဆံတင်းအောင် ပြောမနေပါနဲ့တော့ ဦးလေးကြီး....ခွင့်ပြုလိုက်ပါ...သူ့ရမယ့် ခံစားခွင့်တွေနဲ့လစာက်ိုပါ သေချာလေးလုပ်ပေးလိုက်ပါ.."
ဦးလေးကြီးရဲ့ စကားကို ဖြတ်ပြော၍ လှေကားပေါ်မှ ဆင်းလာလိုက်တော့ ဂျောင်ဂုဆီမှ စိမ်းသက်သည့် အကြည့်တစ်ခုကို လက်ခံရရှိသည်။
အိမ်တော်ထိန်းလီက သက်ပြင်းသဲ့သဲ့သာချရင်း ဘာမှထပ်မပြောပဲ အလိုက်တသိ ရှောင်ထွက်သွားလေသည်။"မင်းသားလေး ဆင်းလာတာနဲ့ အတော်ပဲ....ကျွန်တော် နှုတ်ဆက်စကားပြောမလို့ စောင့်နေတာပါ..."
"ပြောပါ...."
ပြောပါတဲ့လား....တကယ်ပဲ မင်းရင်ထဲမှာ ဘာတစ်ခုမှခံစားမနေရဘူးလား။
အတူတူရှိနေစဥ်တစ်လျှောက်လုံးမှာ ငါကပဲ တစ်ဖတ်သတ်ချစ်နေမိခဲ့တာလား?ဒါဆို စိတ်လိုလက်ရတုံ့ပြန်ခဲ့တဲ့ အနမ်းတွေက ဘာအဓိပ္ပါယ်လဲ?
ရုတ်တရက်ဆန်တဲ့ လမ်းခွဲမှုဆိုပေမယ့် သူပြောခဲ့သော စကားတွေက နှလုံးအိမ်ကို ဓါးသွားဖြင့် အထပ်ထပ်ထိုးခွဲနေသလို နာကျင်ရတယ်လေ။
အဝေးမှာနေဖို့က သူ့ဆန္ဒဆိုရင် ကျွန်တော်က မလိုက်လျောပေးနိုင်စရာ အကြောင်းမှမရှိပဲ။