#Nightfall
1
ဒေါက်တာဆည်းဆာဦး ဆေးရုံမှ အလုပ်ပြီးချိန်တွင် ညနောက်ကျနေလေပြီ။ ဖုန်းကိုယူကြည့်လိုက်တော့ မြက ၃ ခါမျှ ဖုန်းခေါ်ထားသဖြင့် သူအလောတကြီး ဖုန်းခေါ်လိုက်မိသည်။ မြ တစ်ခုခုဖြစ်နေမှာ သူစိတ်ပူ ပါသည်။ မြဘေးမှာ နေသန်ရှိနေစေဦးတော့၊ မြ၏လုံခြုံပျော်ရွှင်မှုက သူ့ဘဝ၏ ပထမဦးစားပေးဖြစ် ပါသည်။
"မြ ဘာဖြစ်လို့လဲ။ အဆင်ပြေရဲ့လား"
"ဦးဦး အလုပ်ရှုပ်နေတာလား။ ဒီနေ့က နားရက်ထင်လို့"
မြ အသံက ပုံမှန်အတိုင်းဖြစ်နေသဖြင့် သူစိတ်အေးသွားရ၏။
"နားရက်ပေမဲ့ ဆေးရုံဆိုတော့လည်း သွားရတာပါပဲကွာ။ ပြောလေ မြ ဘာဖြစ်လို့လဲ"
"ဟင့်အင်း.. ဒီလိုပါပဲ။ မြ အဆင်ပြေပါတယ်"
မြထိပ်ထားဆိုသည့် မိန်းကလေး၏ စကားသံကို ငယ်ကတည်းက ငေးကြည့်နားထောင်ခဲ့သူမို့ ထိုလေသံ တွင် မည်သည့်အရိပ်အငွေ့တို့ ပါကြောင်း ဆည်းဆာဦး သိပါသည်။
"ဟုတ်လား။ မြ.. ညနေစာစားပြီးပြီလား"
"စားပြီးပါပြီ။ သိပ်တော့စားမကောင်းဘူး"
"အင်း.. ဘာစားချင်လဲ ကိုယ် အခုဆေးရုံကအပြန် လာပို့ပေးမယ်လေ"
"ဦးဦးပဲစားပါ။ ဒါနဲ့ လာမယ့် တနင်္လာနေ့ကျ မြတို့နဲ့ ဒင်နာလာစားဖို့ မမေ့နဲ့နော်"
"ကိုယ် မမေ့ပါဘူး"
"ဦးဦးအိမ်ငှားလေးကိုပါ ခေါ်ခဲ့လေ။ သူလည်း မြန်မာအစားအစာစားချင်မှာပေါ့"
"အင်း.."
ဖုန်းချလိုက်သော်လည်း ဆည်းဆာဦး ဖုန်းကိုငေးကြည့်နေမိသေးသည်။ မြ အထီးကျန်နေပြီလားမသိ။ နေသန်က မြကို ချစ်မြတ်နိုးသည်မှာ သံသယဝင်ဖွယ်မရှိသော်လည်း ဆည်းဆာဦးအနေဖြင့်မူ စိတ်မချနိုင် သေးပါ။ ထိုကြောင့် ကားကို လမ်းကြောင်းပြောင်းယူလိုက်ပြီး မြ သဘောကျသည့် ရေခဲမုန့်ဆိုင်သို့ မောင်း လာလိုက်၏။ Udderlicious ဆိုင်လေးက ပိတ်ခါနီးဖြစ်၍ ဝန်ထမ်းများက သန့်ရှင်းရေးပင် လုပ်နေကြပြီ။
YOU ARE READING
Nightfall [Completed]
Romanceအဲဒီနေ့က ကောင်းကင်ပြင်ကို သတိရနေမိတယ် ဒါပေမဲ့ အဲဒီကောင်းကင်ဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။