#Nightfall
5
ကိုယ်တိုင် ဆေးကျောင်းစာမေးပွဲဖြေစဉ်ကရော၊ အထူးကုစာမေးပွဲဖြေစဉ်ကပါ ဗျာမများခဲ့သော ဆည်းဆာဦးတစ်ယောက် သက်ဝေ စာမေးပွဲဖြေတော့မှ စိတ်ဖိစီးရတော့သည်။ အားနည်းနေသေးသည့် သက်ဝေကို ကျောင်းပို့၊ ကျောင်းကြိုလုပ်ပေးပြီး ထမင်းစားချိန်မှန်မှန် ကျွေး၊ ဆေးတိုက်၊ ညအိပ်ပျော်သည် အထိ လက်ကိုကိုင်ထားပေးရတာမျိုး လုပ်ပေးရ၏။ သက်ဝေ မျက်နှာလေးရွှင်ရွှင်ပျပျ ဖြစ်လာတော့လည်း သူ ကျေနပ်ရပါသည်လေ။
"ဦးဦး.. ကျွန်တော် မနက်ဖြန် ဒီဇိုင်း Presentation ရှိတယ်။ ကျွန်တော့် ဒီဇိုင်းလေး ကြည့်ပေးမလား"
"ကိုယ်က မင်းတို့ဘာသာရပ်ကို ဘာမှနားမလည်ဘူးလေ သက်ဝေရယ်"
"နားလည်ဖို့မလိုဘူး။ ဦးဦးဖြစ်ဖို့ပဲလိုတာ"
သက်ဝေက ပြောပြောဆိုဆိုနှင့် ကွန်ပျူတာဖွင့်ပြ၏။ သက်ဝေ ဆွဲထားသော အဆောက်အဦးပုံစံက တကယ် ခေတ်ရှေ့ပြေးလွန်းသည်ဟု သူထင်မိသော်လည်း "ကောင်းသားပဲ" ဟုသာ ပြောမိသည်။
"ဦးဦး မကြိုက်ဘူးပဲ.."
"မဟုတ်ပါဘူး သက်ဝေရဲ့။ ကိုယ်က အဆောက်အဦး မျက်စိရှုပ်ရှုပ်တွေထက် ရိုးရှင်းတာမျိုးပဲ မြင်ချင်ရုံပါ"
"ဟုတ်လား..."
သက်ဝေက မျက်မှောင်လေးကျုံ့သွားပြီး သက်ပြင်းချ၏။
"အိပ်တော့လေ သက်ဝေ။ မနက်ကျ မထနိုင်ဘဲနေမယ်"
လက်ကိုင်ထားပေးဖို့ လုပ်တော့ သက်ဝေက လက်ကိုရုတ်လိုက်ရင်း "ဂွတ်နိုက် ဦးဦး" ဟု ပြောလာသဖြင့် သူ အနည်းငယ် စဉ်းစားသွားရသည်။ သက်ဝေတောင်းဆို၍ ညတိုင်း လက်ကို ကိုင်ထားပေးခဲ့သည်မှာ တစ်ပတ်မျှရှိတော့မည်။ ယခုမှ မည်သို့ဖြစ်သနည်း။ သို့သော် သူဘာမှပြန်မပြောဖြစ်ပါ။ အခန်းကို မီးမှိတ် ပေးရင်း ထွက်လာခဲ့ရသည်။ လက်ဖဝါးပြင်တို့ကတော့ ဟာတာတာခံစားနေရ၏။
မနက်မိုးလင်းတော့ သက်ဝေ ထမလာသေးသဖြင့် သူအသာသွားကြည့်မိတော့မှ သက်ဝေက စာကြည့် စားပွဲကိုမေးတင်ကာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ ဘေးမှာလည်း စက္ကူပေါင်းများစွာ လုံးထွေး ပစ်ချထား၏။ ဆည်းဆာဦးမှာ တစ်ချက်စိုးရိမ်သွားပြီး သက်ဝေကို လှုပ်နှိုးကြည့်လိုက်ရသည်။
YOU ARE READING
Nightfall [Completed]
Romanceအဲဒီနေ့က ကောင်းကင်ပြင်ကို သတိရနေမိတယ် ဒါပေမဲ့ အဲဒီကောင်းကင်ဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။