#Nightfall #Final
ခပ်တိုးတိုးလွင့်ပျံ့လာသော တရားသံကြောင့် ဆည်းဆာဦး အားယူကာ မျက်လုံးဖွင့်ကြည့်မိတော့ သက်ဝေ က ဘေးမှာပုံဆွဲနေရင်း တရားဖွင့်ထားကြောင်းသိလိုက်ရသည်။ သေချာ အားစိုက်နားထောင်ကြည့်တော့ ဗောဇ္ဈင်္ဂသုတ်တော်ပင်။ ဝေဒနာခံစားရသူများအတွက် ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ရာအတိုင်း သက်ဝေ က ဖွင့်ပေးထားပုံရပါသည်။
"သက်ဝေ.."
သက်ဝေက သူ့ခေါ်သံကြားသည်နှင့် ပုံဆွဲလက်စကို ပစ်ချပြီး အနားသို့ပြေးလာကာ လက်ကို ကိုင်ထား၏။
"ဦးဦး.. နိုးပြီလားဟင်။ နေရတာသက်သာလား"
"အင်း... ကိုယ်နေလို့ကောင်းပါတယ်"
သက်ဝေက ထိုတော့မှ စိတ်အေးသွားဟန်ဖြင့်ထိုင်သည်။
"ကျွန်တော်ရောက်လာကတည်းက ဦးဦးက အဖျားအရမ်းကြီးနေတာ။ ညကမှ ကိုယ်ပူကျသွားတာလေ။ ကျွန်တော်ဘယ်လောက်စိတ်ပူရသလဲသိရဲ့လား"
"ကိုယ့်ကို... စိတ်ဆိုးလား သက်ဝေ"
သက်ဝေက သူ့မျက်နှာကိုငေးစိုက်ကြည့်နေ၏။ ပြီးတော့မှ သက်ပြင်းချကာ "စိတ်ဆိုးတယ်ရယ်လည်း မဟုတ်ပါဘူး။ ကျွန်တော့်အတွက် တွေးပေးခဲ့တာသိတာမို့လို့ ချစ်လည်းချစ်ရသလို ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိတယ်။ ကျွန်တော်က အရမ်းပျော့ညံ့ခဲ့လို့ ချစ်တဲ့သူက ကျွန်တော့်ကိုမဝေမျှဘဲ သူ့ဟာသူ တစ်ယောက်တည်းရင်ဆိုင်နေခဲ့တာပါလား ဆိုပြီးတော့လေ"
"မဟုတ်တာပဲ ကိုယ့်သက်ဝေရယ်။ အဲဒီလိုမတွေးပါနဲ့။ ကိုယ်ပြန်လာမှာပဲလေ"
"ကျွန်တော်သိပါတယ်။ ကျွန်တော်ကဒေါက်တာဆည်းဆာဦးကို ယုံတယ်လေ"
သက်ဝေက သူ့လက်ဖဝါးထက်မှာပဲ ပါးပြင်လေးအပ်ထားကာ သူ့မျက်ဝန်းများကိုငေးစိုက်ကြည့်နေသည်။
"ကျွန်တော့်ဦးဦးက ကြည့်ကောင်းလိုက်တာ"
"ကိုယ့်ကို မင်းချစ်ပေးတာသိပေမဲ့ အခုလိုမျိုးဆို ကိုယ်က အချစ်ခံရသင့်ရဲ့လားလို့တွေးမိတယ်သိလား"
"ကျွန်တော် ဦးဦးအပေါ်ထားတဲ့မေတ္တာစိတ်က ရှင်းပြရခက်ပေမဲ့ အရာအားလုံးလို့ နားလည်ထားရင်တော့ ရမယ်ထင်တယ်။ ဦးဦးက ကျွန်တော့်ရဲ့အရာအားလုံးပဲ"
YOU ARE READING
Nightfall [Completed]
Romanceအဲဒီနေ့က ကောင်းကင်ပြင်ကို သတိရနေမိတယ် ဒါပေမဲ့ အဲဒီကောင်းကင်ဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။