" ချစ်တယ် ယောလ် "
ဒုန်းခနဲ ကြမ်းပြင်ထက်သို့ လှဲကျသွားခဲ့သော ခွေးခြေထောက် သစ်သားခုံလေး ။
ခမ်းခြောက်သွားသော မျက်ရည်တို့နှင့်အတူ မှိတ်ကျသွားခဲ့သော အငိုမျက်ဝန်း တစ်စုံတို့ ။
လှုပ်ရှားမှုသေဆုံးသွားခဲ့သော လေထဲဝဲနေသော ခြေလက်တစ်စုံတို့နှင့်အတူ သေဆုံးသွားခဲ့သော နှလုံးငယ်လေး တစ်စုံ ။
နောင်ဘဝများရှိခဲ့ရင် သူတစ်ယောက်တည်းကိုသာ ဆက်ချစ်ခွင့်ရပြီး ပိုင်ဆိုင်မှုလေးမရခဲ့ရင်တောင် အခုလိုမျိုး ဗီလိန်ဆန်တဲ့အထ္ထုပ္ပတ္တိထဲ မရှင်သန်စေလိုရပါနဲ့ ။
.. The End ..
" ကျစ် !!! "
အဆုံးသတ်သွားခဲ့သော ဝတ္ထု၏ အဆုံးသတ်ဇာတ်သိမ်းကို ဖတ်ပြီးသည်နှင့် ဘတ်ခ်ဟွန်းစိတ်ပျက်လက်ပျက်စုပ်တစ်ချက် သပ်လိုက်မိသည် ။
အရူးဇာတ်ကောင် ။ ဘာမှသုံးစားလို့မရတဲ့ အချစ်ကိုများ ဒီလောက်တောင် ဘဝပျက်တဲ့အထိ ကိုးကွယ်ရသလား ။
ရူးသွပ်ချက် ။
ဒီထက်ပိုရယ်စရာကောင်းနေတာက အဲ့အချစ်ကိုကိုးကွယ်တဲ့ဇာတ်ကောင်ရဲ့နာမည်က သူ့နာမည်နဲ့လာတူနေတာပဲ ။
ဘယ်လိုတောင် ကံဆိုးချက် ။
အချစ်ကိုယုံကြည်မှုမရှိတဲ့ သူက ဘာမဟုတ်တဲ့ သူ့အစ်မ ဂေါက်သီးထပြီး ပို့ပေးလိုက်တဲ့ အချစ်ဝတ္ထုကိုတစ်အုပ်လုံးပြီးအောင်ဖတ်နိုင်ခဲ့ပုံကိုပြန်တွေးရင်း ဟာသတစ်ခုအသွင်ရယ်မောမိသည် ။
အချစ်ဝတ္ထုလို့ဆိုပေမယ့် ဇာတ်လိုက်တွေရဲ့အချစ်အကြောင်းထက် ဗီလိန်ဇာတ်ကောင်ကိုသာအသားပေးပြီး ဗီလိန်ရဲ့အဆုံးသတ်ကိုဖော်ပြထားသောပထမဆုံးဗီလိန်တစ်ယောက်အကြောင်းရေးသားထားသော ဒီဝတ္ထုကို သူ့အစ်မတစ်ယောက်ဘယ်လိုများကြိုက်သွားသလဲဆိုတာ သူနည်းနည်းလေးမှစဥ်းစားမရ ။
အေးလေ ။
ယောကျ်ားလေးတွေထက်စာရင် ဒီကမ္ဘာပေါ်မှာ ခန့်မှန်းရအခက်ဆုံးက မိန်းကလေးတွေရဲ့စိတ်ပဲမဟုတ်လား ။