* ကျွန်တော် ယောလ်ကိုအများကြီးချစ်တယ် *
ဆိုသောစကားလေးအဆုံး ချန်းယောလ်နှုတ်ခမ်ပါးလေးတွေမှာ အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်သော ကောင်လေးတစ်ယောက်၏ အတင်းအဓမ္မသိမ်းပိုက်ခြင်းကို ခံလိုက်ရသည် ။
ချန်းယောလ် ယောကျ်ားလေးတစ်ယောက်ဆီမှ အမှတ်မထင်ဖွင့်ပြောခြင်းခံရလို့ ကြောင်အနေမိရာမှ အသိစိတ်ပြန်ကပ်သည့်အခါမှာတော့ သူ့လည်တိုင်ထက်လက်စုံတွဲခိုထားလျက် သူ့နှုတ်ခမ်းလေးကိုနက်နက်ရှိုင်းရှိုင်းနမ်းရှိုက်နေသည့် ဘတ်ခ်ဟွန်းလက်တို့ကိုပြန်ခွာချပြီး အားနဲ့ပြန်တွန်းထုတ်လိုက်သည် ။
* တော်လောက်ပြီ !!! *
ချန်းယောလ်မှ အားပြင်းပြင်းနဲ့ဆောင့်တွန်းလိုက်တာကြောင့် ဘတ်ခ်ဟွန်းကျောပြင်လေးမှာ အနောက်အုတ်နံရံနဲ့ရိုက်သွားခဲ့ပြီး လဲကျသွားခဲ့သည် ။
* ဗြောင်ဘတ်ခ်ဟွန်း .. မင်း ငါ့အဖေသူငယ်ချင်းရဲ့သားဖြစ်နေလို့ကံကောင်းသွားတယ် .. မဟုတ်လို့ကတော့ .. တောက် .. မင်းကွာ .. ထွက်သွား !! .. နောက်ကို ဘယ်တော့မှ ငါ့အရှေ့ကိုပေါ်မလာစေနဲ့ .. မင်းမျက်နှာကိုဒီတစ်သက်မပြောနဲ့ နောက်ဘဝဆက်တိုင်းတောင် ငါမမြင်ချင်ဘူး *
အနမ်းခံရသော နှုတ်ခမ်းကို လက်ဖမိုးနဲ့သုတ်ပစ်ပြီးပြောလာသော ချန်းယောလ်ရဲ့စကားတို့ကို နားထောင်ရင်း ဘတ်ခ်ဟွန်းမေးဖျားလေးထက်တွဲခိုနေသော မျက်ရည်စက်လေးမှာ ပေါက်ခနဲဆိုသလို လက်ဖမိုးထက်သို့ ကျဆင်းသွားခဲ့သည် ။
မဟုတ်ဘူးလေ ။ သူတွေးထားတာက ဒီလိုမဟုတ်ဘူးလေ ။
သူ့ကို ဂါအွန်းကပြောတော့ ယောလ်ကလည်း သူ့လိုပဲ သူ့ကိုတိတ်တိတ်လေးသဘောပြန်ကျနေတာတဲ့ ။
သူ့ဘက်ကသာ အရင်ဖွင့်ပြောလိုက်ရင် အရာအားလုံးအဆင်ပြေချောမွေ့ပြီး ချိုသာသွားမယ်ဆိုတဲ့ အကွာအဝေးနယ်ပယ်လေးက အခုဘယ်လိုလုပ် ... ? ။
* ဘတ်ခ်ဟွန်းရား အဆင်ပြေရဲ့လား *
ဘယ်ကတည်းက အကွယ်တစ်နေရာမှာပုန်းပြီး ချောင်းကြည့်နေသလဲမသိသော ဟန်ဂါအွန်းမှာ ဘတ်ခ်ဟွန်းကျောပြင်နဲ့နံရံဆောင့်တာကိုတွေ့လိုက်ရသည်နှင့်ပုန်းနေရာမှထွက်လာခဲ့ပြီး ကြမ်းပြင်ထက်လဲကျနေသောဘတ်ခ်ဟွန်းလက်လေးကိုဆုပ်ကိုင်ပြီးထူပေးလာသည် ။