ဆောင်းအကုန် နွေအကူး တိတ်ဆိတ်နေသော အခန်းငယ်လေးတစ်ခန်းမှာ အပြင်ဘက်မှနေဝင်သွားသည်နှင့်အတူ တဖြည်းဖြည်းအမှောင်ကျသွားခဲ့သည် ။
အိမ်အစေခံတို့၏ တိကျသော လုပ်ဆောင်မှုကြောင့် ၎င်းမည်းမှောင်နေသောအခန်းငယ်လေးမှာ စက္ကန့်ပိုင်းအတွင်း တစ်ဖန်ပြန်လည်၍ မီးလင်းထိန်လာခဲ့သည် ။
ဖွင့်ဟထားသော အခန်းဝရံတာမှဖြတ်ကျော်ကာတိုက်ခတ်လာသော ညချမ်းလေညှင်းတို့၏အေးချမ်းမှုမှာတော့ အခန်းငယ်အတွင်းက ပိုးဖဲအိပ်ရာပေါ်ထက် လများစွာလဲလျောင်းနေသော လူတစ်ယောက်အား ခံစားချက်တစ်ခု ဖြစ်ပေါ်အောင် မစွမ်းဆောင်နိုင်ပါ ။
ဒီနေ့လည်း ခါတိုင်းနေ့ရက်တွေလိုပါပဲ ။ ညကောင်းကင်ယံထက်က မှိတ်တုတ်မှိတ်တုတ်နဲ့ တလက်လက်တောက်ပနေသော ကြယ်ကလေးတွေကို အခန်းငယ်လေး၏ ဝရံတာလေးကနေထွက်ငေးကြည့်ပြီးဆုတောင်းတတ်တဲ့ ကောင်ကလေး တစ်ယောက်၏ အရိပ်အယောင်ကို မတွေ့ရတာ အတော်ကြာခဲ့ပြီ ။
ခါတိုင်းတိတ်ဆိတ်လျက်ရှိသော ဗြောင်အိမ်တော်ကြီးမှာလည်း ယခုမှ ပိုပြီး တိတ်ဆိတ်လာသယောင် ။
အိမ်အစေခံတို့မှာလည်း ကိုယ်လက်လှုပ်ရှားကာအလုပ်လုပ်နေကြရသော်လည်း စိတ်ကတော့ တစ်ခုခုကိုလွမ်းဆွတ်ကာသတိရနေကြလေသည် ။
* တီးးး *
ကျယ်လောင်သော ကားဟွန်းတီးသံကြောင့် စိတ်နှင့်လူမကပ်ကြသော အိမ်အစေခံတို့မှာ ပြာတလဲလဲနှင့်ပင် တွေဝေငေးမှိုင်ရာမှ ဖျတ်လတ်လတ်နဲ့အလုပ်ကိုအမြန်ပြီးစီးအောင်စတင်လုပ်ကြသည် ။
မကြာပါဘူး ။ ကားဟွန်းတီးသံပျောက်သည်နှင့် အိမ်တော်အတွင်း အမျိုးသမီးတစ်ဦးမှာမျက်နှာထားခပ်မာမာဖြင့်ဝင်ရောက်လာခဲ့သည် ။
" ငါ့မောင်ရော "
" အပေါ်ထပ်ကအစ်ကိုလေးရဲ့အခန်းထဲမှာပါ "
အမြင့်အသံနှင့်ခပ်မာမာမေးလိုက်သောသူမစကားအားပြန်တုံ့ပြန်ပေးလာသော အစေခံ၏စကားအဆုံးသူမအပေါ်ထပ်သို့သာတက်လာခဲ့သည် ။
အချိန်ပြည့်ဝင်ရလွန်းလို့ ဝင်ချင်စိတ်တောင်လုံးလုံးလားလားကုန်ရသော အခန်းငယ်၏တံခါးအားသူမလက်ဖြင့်တွန်းဖွင့်ကာ ဝင်လာခဲ့သည် ။