Knock Knock !!!
" ကိုကိုဘတ်ခ်ဟွန်း "
ပြတင်းပေါက်ကိုငေးကြည့်ရင်း တွေးတစစဖြစ်နေရာမှ တံခါးခေါက်သံအတူ အခန်းထဲခေါင်းလေးအရင်ဝင်လာသော ပတ်မီဟိုကို တွေ့လိုက်ရတာမို့ ဘတ်ခ်ဟွန်းမျက်နှာထက်အပြုံးလေးတွေပြန်ပေါ်လာခဲ့သည် ။ သို့သော်လည်း တခဏမျှတာ ။ ပတ်မီဟို့အနောက်တွင်ကပ်ပါလာသော ဟန်ဂါအွန်းကို တွေ့လိုက်ရသည်နှင့် ပြုံးရယ်နေသော ဘတ်ခ်ဟွန်းမျက်နှာမှာ ချက်ချင်းဆိုသလို ပြန်တည်သွားခဲ့သည် ။
" ကိုကိုဘတ်ခ်ဟွန်း အတော်ဆုံးပဲ .. မီဟိုလိုင်းပေါ်မှာကြည့်လိုက်ရတယ် ကိုကိုဘတ်ခ်ဟွန်းကစားတာတွေကို .. အရမ်းမိုက်တာပဲ "
လက်မလေးနှစ်ခုထောင်ပြကာပြောနေသော ကောင်မလေးရဲ့စကားအဆုံး ဘတ်ခ်ဟွန်းခပ်ရေးရေးပြုံးလိုက်သည် ။
" ကိုကိုကအတော်ဆုံးဆိုတာဟုတ်လို့လား .. ကိုကိုမှတ်မိသလောက်တော့ ဘောလုံးအများဆုံးသွင်းသွားတဲ့သူက မီဟိုလေးရဲ့ကိုကြီးမဟုတ်ဘူးလား "
သူပြောတော့ ကောင်မလေးမှာနှုတ်ခမ်းလေးကိုမဲ့ကာ ဆက်ပြောလာသည် ။
" အဲ့ဒါက ကိုကိုဘတ်ခ်ဟွန်း ဘောလုံးအပေးကောင်းလို့သွင်းနိုင်တာပါနော် .. အဓိကဘောလုံးအများဆုံးသွင်းနိုင်တဲ့သူမဟုတ်ပါဘူး အနောက်ကနေ အကွက်ကျကျ supportပေးနိုင်တဲ့သူကသာအဓိကအရေးကြီးတာ .. ဟုတ်တယ်မလား မမဂါအွန်း "
ပတ်မီဟိုမှ အနောက်တွင်တစ်ယောက်တည်း ပန်းစည်းပိုက်ပြီးရပ်နေသောဟန်ဂါအွန်းကို လှမ်းပြီးရှေ့နေခေါ်လာတာကြောင့် ကြောင်ပြီးရပ်နေသောဟန်ဂါအွန်းမှာ သူမအရှေ့ကသူမရဲ့အဖြေကိုစောင့်မျှော်နေသော ဘတ်ခ်ဟွန်းနဲ့ပတ်မီဟိုကိုပြန်ကြည့်ပြီး ယောင်တောင်တောင်နဲ့ခေါင်းလေးညိတ်ကာထောက်ခံပေးလာသည် ။
ထိုအခါ ပတ်မီဟိုမှာ လိုချင်တဲ့စကားထောက်ကိုရပြီး အပြုံးလေးတွေနဲ့ ဘတ်ခ်ဟွန်းကိုပြန်ကြည့်လျက် ...
" တွေ့လား "
ဘတ်ခ်ဟွန်းအပြုံးမပျက်ကာ မျက်စိအရှေ့က သူ့ကို မေးလေးဆက်ပြီးပြောနေသော ကောင်မလေးရဲ့ခေါင်းလေးကို လက်လေးတစ်ချက်နဲ့ပုတ်လိုက်သည် ။