အပြာရောင်ဝတ်စုံလေးထက် ထင်ထင်ရှားရှားပေါ်လွင်နေသော နံပါတ်စဥ်ဖြစ်တဲ့ 004ဆိုသည့်ကိန်းဂဏန်းလေး ။ ဖြူဖွေးသောလက်ကောက်ဝတ်နုနုလေးထက်ဝတ်ဆင်ထားသော စတီးလက်ကောက်သဖွယ်အဆင်တန်ဆာ ။ တစ်ဖန် ဘေးဘက်တွင် သူ့လက်မောင်းကိုထိန်းကိုင်လျက် ခေါ်ဆောင်သွားသောအစောင့်ရဲအနောက် သူနှုတ်ဆိတ်လျက် လိုက်ပါလာခဲ့သည် ။
* ဧည့်သည်တွေ့ချိန် ၅မိနစ်ပေးတယ်
နားစည်သို့ရိုက်ခတ်လာသောအစောင့်ရဲ၏ စကားအဆုံး ဖွင့်ဟသွားခဲ့သော မျက်စိအရှေ့မှောက်မှ အခန်းငယ်လေး၏ တံခါးလေး ။ လက်မောင်းထက်မှ အစောင့်ရဲရဲ့လက်တို့ ပျောက်ကွယ်သည်နှင့်တစ်ပြိုင် ခွန်အားမဲ့နေသော ခြေလှမ်းတို့နှင့် သူ ထိုအခန်းငယ်ထဲသို့ ဝင်သွားခဲ့သည် ။
* ယောလ် ! .. ယောလ် ကျွန်တော့်ကိုလာတွေ့တယ် ဝမ်းသာလိုက်တာ
တွေ့ချင်နေသောလူကို တွေ့လိုက်ရတာကြောင့် ဝမ်းသာအားရနှင့် သူပြုံးလိုက်မိသော်လည်း မျက်နှာချင်းဆိုင်က သူချစ်ရတဲ့သူမှာတော့ သူ့ကို အတော်မုန်းတီးနေပြီးနာကျည်းနေပုံရသည် ။ သူနှင့်တစ်ချက်လေးတောင် မျက်နှာချင်းဆိုင်မလာ ။ လက်စုံပိုက်မပျက် သူနှင့် ဆန့်ကျင်ဘက်ကိုသာ မျက်နှာလွဲထားသည် ။
* ယောလ် အဲ့လောက်တောင် ကျွန်တော့်ကို နာကျည်းမုန်းတီးနေပြီလား .. ကျွန်တော့်မျက်နှာကို မကြည့်ချင်ရလောက်အောင်ပဲ မုန်းတီးနေပြီလား
* အဲ့ဒါထက်ပိုတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်
ခါးသီးလွန်းသော စကားဝါကျလေး တစ်ကြောင်းအဆုံး တွန့်ကွေးသွားခဲ့သော နှုတ်ခမ်းပါးလေးတစ်စုံ ။ သူချစ်ရတဲ့ချစ်သူက အချိန်တွေသာကြာသွားတယ် ဘယ်တော့မှ မပြောင်းလဲသွားဘူးဘဲ ။ သူ့အပေါ်ပြုမူဆက်ဆံပုံတွေက အရင်တုန်းကအတိုင်းပဲ ။ တစ်ခုမှ ပြောင်းလဲသွားခြင်းမရှိခဲ့ဘူး ။ အရင်လိုပဲ သစ်လွင်နေဆဲ ။ ချစ်မိနေဆဲ ။
* အဟက် .. မုန်းပါ ယောလ် .. ကျွန်တော်က အစကတည်းက ယောလ်မုန်းတီးဖို့အတွက် မွေးဖွားလာခဲ့တဲ့လူပါ