" ဘတ်ခ်ဟွန်း "
ကြားလိုက်ရသော အနောက်မှလှမ်းခေါ်လာသော ခေါ်သံလေးအဆုံး ဘတ်ခ်ဟွန်းလျှောက်နေသောခြေလှမ်းလေးတို့အား တခဏရပ်တန့်လိုက်ပြီး အနောက်သို့သမင်လည်ပြန်လေး လှည့်ကြည့်လိုက်မိသည် ။
" မင်းဘယ်ကပြန်လာတာလဲ "
" အိမ်စာသွားထပ်ပြီးပြန်လာတာ .... မင်းရော ? "
" မနေ့ကဆိုင်ကယ်သော့မေ့ကျန်ခဲ့လို့ ဆရာမဆီမှာအဆူခံပြီးပြန်သွားယူလာတာ "
လက်ချောင်းလေးနဲ့ ဆိုင်ကယ်သော့လေးကိုဝှေ့ရမ်းပြီးပြောလာသော ကျိုးရွှမ်ဖုန်း၏စကားအဆုံး သူအပြုံးလေးနဲ့တုံ့ပြန်မိသည် ။
အခုမှပဲသူ့ထက်အမေ့ကြီးတဲ့သူနဲ့သူငယ်ချင်းလာဖြစ်ရတယ်လို့ ။
အမေ့ကြီးတဲ့နေရာမှတော့ ကျိုးရွှမ်ဖုန်းတို့က ဗြောင်ဘတ်ခ်ဟွန်းထက်ဗိုလ်ဆွဲသွားပြီ ။
" ဂါအွန်းရား ... ငါတကယ်မယူရပါဘူး ... ငါတကယ်ပြောတာပဲ ... ညာနေတာမဟုတ်ပါဘူး "
" ဘယ်သူခိုးက သူခိုးတာကိုခိုးပါတယ်လို့ဝန်ခံမှာလဲ ..... နင့်လက်ထဲမှာ ဂါအွန်းလက်စွပ်တစ်ကွင်းလုံးကို လက်ပူးလက်ချက်မိထားတာတောင် ငြင်းချင်သေးတယ်ပေါ့လေ "
" အလကား ဒီကောင်မသေချင်နေတာ "
" ငါတို့ဂါအွန်းကသဘောကောင်းလို့ အဖက်လုပ်ပြီးနည်းနည်းလောက်အရောဝင်ပေးလိုက်တာနဲ့ ရောင့်တက်လာရုံမကလို့ ခိုးပါခိုးတတ်နေပြီ "
" ဂါအွန်းကသဘောကောင်းလို့ နင့်ကိုဘာမှမပြောပေမယ့်မလုပ်ပေမယ့် ငါတို့ကတော့မဟုတ်ဘူး ..... သူခိုးမကို နောက်တစ်ခါထပ်မလုပ်ရဲအောင် မှတ်လောက်သားလောက်ဖြစ်အောင် ပညာပေးရမှာပဲ "
" ပြောနေတာကြာတယ် သူငယ်ချင်းတို့ ..... စလိုက်ကြတော့ "
" မဟုတ်ဘူး ... ငါမဟုတ်ဘူးလို့ .... ငါမခိုးဘူးလို့ !! .... ဂါအွန်းရား ငါတကယ်နင့်လက်စွပ်ကိုမခိုးရပါဘူး .... ငါဒီအတိုင်း သန့်စင်ခန်းဘေစင်မှာတွေ့လို့ နင့်ကိုပေးဖို့ ယူလာခဲ့တာပါ ..... ငါတကယ်သူခိုးမမဟုတ်ရပါဘူး ..... ငါပြောတာကိုယုံပေးပါ .... ကျေးဇူးပြုပြီး ..... ဂါအွန်းရား "