ဗြောင်အိမ်တော်၏ခြံဝန်းထဲမှပြန်လည်ထွက်ခွာသွားခဲ့သော အဖြူရောင်ကားလေးကို ဘတ်ခ်ဟွန်း ဝရံတာထက်မှလက်ပိုက်လျက်ရပ်ကြည့်နေမိသည် ။
ပညာအရည်အချင်းအားဖြင့်ကြည့်ရမယ်ဆိုရင် ဆရာကောင်းတစ်ယောက်လို့ဆိုနိုင်ပေမယ့် တစ်ချို့သောအပြုအမူတို့ကြောင့် အကောင်းမြင်ချင်သောသူ့စိတ်အားအဆိုးမြင်စိတ်တို့အနည်းငယ်ဖုံးလွှမ်းစေသား ။
စာရှင်းပြချိန် သူ့ကိုကြည့်နေတဲ့အကြည့်တွေ ။ စာသင်နေရင်း သူနဲ့အသားချင်းမထိတထိလုပ်နေပုံအပြုအမူတွေက စာသင်တာထက် သူ့အားမြူဆွယ်နေသဟန်ထင်မှတ်ရသည် ။
" ဘာတွေကြည့်နေတာလဲ ဟွန်းငယ် "
အမေးစကားအသံလေးနှင့်အတူသူ့မျက်စိရှေ့သို့ရောက်လာခဲ့သော ချောကလက်ပူပူလေးတစ်ခွက် ။ တစ်ဖန်အဝေးကိုငေးကြည့်ရာမှ နံဘေးသို့စောင်းငဲ့ကြည့်မိတော့ ကျောင်းဝတ်စုံအပြည့်အစုံနဲ့ သူ့ကိုအပြုံးပျပျလေးတွေနဲ့ပြန်ကြည့်နေသော အွန်မင်း ။ လက်ထဲမှာလည်းဖိုင်တွဲတွေနဲ့ ။ ကြည့်ရတာ အခုမှကျောင်းကနေပြန်လာပုံရသည် ။
" ဘာမှမဟုတ်ပါဘူး ... ဒီအတိုင်း ... ဟိုဒီ "
" ဘယ်လိုနေလဲ ... Guideဆရာ "
" မဆိုးပါဘူး ... ဒါနဲ့ ဦးလေးငယ်ကဘယ်လိုသိလဲ "
" ကိုယ်အိမ်ပြန်ရောက်တော့ဧည့်ခန်းထဲမှာကိုကြီးနဲ့အစ်မတို့ပြောနေတာကို နားစွန်းနားဖျားကြားလာခဲ့တာ "
" သြော် .... "
" မနက်ဖြန် ဘာလုပ်ဖို့ရှိလဲ "
" ဟင် ! "
" ဘာမှလုပ်ဖို့မရှိရင် ကိုယ်နဲ့Dateကြမလား "
တွန့်တက်သွားခဲ့သောမျက်ခုံးလေးတစ်စုံ ။ အံ့အားသင့်မှုလေးမဆုံးသေးခင် အင်္ကျီအိတ်ထဲမှဆွဲထုတ်၍သူ့မျက်စိအရှေ့သို့ထောင်ပြလာသော ရုပ်ရှင်လက်မှတ်လေးနှစ်စောင် ။
" ကိုယ့်ကိုဂျူနီယာတစ်ယောက်ကပေးသွားတာ ... အလကားဖြစ်သွားမှာနှမြောလို့ ဟွန်းငယ်နဲ့အတူသွားကြည့်မလားလို့ ... ဘယ်လိုလဲ ... အဆင်ပြေတယ်မလား ကိုယ်နဲ့အတူသွားကြည့်ဖို့ "