Part-11

205 21 9
                                    

      Unicode version

ဆေးပေးခန်းတွင်ရှိနေသော ကျောင်းသားလေးယောက်မှာ ရုတ်တရက်လာပြီး လေးလေးနက်နက်တောင်းပန်သွားသော နည်းပြဖြစ်သူကြောင့် တအံ့တသြဖြစ်နေကြသည်။

သို့ရာတွင် နည်းပြပြန်သွား၍ အချိန်အတန်ကြာသည်ထိ မြူရှင်းမှာ နိုးမလာသေး။အိပ်နေတဲ့မြူရှင်းကို ဘေးကနေထိုင်ကြည့်ရင်း Kiraစိတ်တွေဂယောက်ဂယက်ဖြစ်နေသည်။

"အဲ့လောက်ကြီးလည်း စိတ်မပူပါနဲ့ကွာ။တအားပင်ပန်းသွားတာရော ဆေးရှိန်ကြောင့်ရော နိုးဖို့ကြာမယ်လို့ ဆရာပြောသွားတယ်မလား။ခဏနေရင်နိုးလာလောက်တော့မှာပါ"

"ဟူတ်သားပဲ Kiraရယ် သိုင်းဘုန်းပြောသလိုပဲ နည်းနည်းလောက် စိတ်မပူပဲစောင့်ကြည့်ကြတာပေါ့"

ဘေးကနှစ်ယောက်ရဲ့နှစ်သိမ့်သံတွေကို ပြန်​မဖြေနိုင်ရအောင်ထိ Kiraစိတ်တို့ပျံ့လွင့်နေတုန်းဖြစ်သည်။အနည်းငယ်ဖြူဖျော့စွာ ကုတင်ပေါ်လှဲလျောင်းနေတဲ့ မြူရှင်းကိုကြည့်ရတာ အားမရသလို ရင်ထဲလည်းတဆစ်ဆစ်။ပုံမှန်တွေ့နေကျ ရွှင်လန်းနေတဲ့ မျက်နှာလေးက အခုတော့ ညှိုးနွှမ်းနေပြီး တစ်ချက်တစ်ချက် မျက်မှောင်ကျုံ့သွားတိုင်း Kiraမှာ နေမထိထိုင်မသာဖြစ်ရပြန်သည်။

ဆေးပေးခန်းထဲမှာရှိတဲ့သူတွေကလည်း တစ်ယောက်တည်း ယောက်ယက်ခတ်နေတဲ့ ကျောင်းသားဥက္ကဋ္ဌကိုကြည့်ပြီး အံ့အားသင့်နေကြသည်။အမြဲတစေ တည်ငြိမ်ပြီး ကြောက်စရာကောင်းတဲ့အရှိန်အဝါတွေ ထုတ်လွှတ်နေတတ်တဲ့ ရေခဲကျောက်ဆောင်ကြီးက ခုတော့ လူစားထိုးထားသလားပင် အောက်မေ့ရသည်။

မြူရှင်း၏ လက်ချောင်းလေးတွေတစ်ချောင်းချင်းစီကို Kiraဖွဖွကိုင်ပြီး သက်ပြင်းတစ်ချက်ချမိနေတုန်း...

"မြူရှင်း မြူရှင်း သတိရလာပြီလား"

ခမ်းညားရဲ့ အလန့်တကြားရေရွတ်သံကိုကြားတာကြောင့် Kiraခေါင်းမော့ကြည့်လိုက်တော့ မျက်တောင်စင်းစင်းလေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ မုန်ညင်းထုပ်လေး...

အခုထိ Kiraကို မြင်ပုံမရသေး။သူ့သူငယ်ချင်းကိုသာကြည့်ပြီး

"အင်း....ခမ်းညား။ရေပေးပါ..ရေသောက်ချင်တယ်"

CLOVER Where stories live. Discover now