Ep 7 (U)

79.1K 6.3K 656
                                    

သားမောင် အေးစေတီကုန်းတော်ပေါ်မှ ပြေးဆင်းလာရင်း ရင်ဘတ်ထဲကအောင့်လာရသည်။ ကိုလေးက ပန်းအိဖြူကိုပွေ့ချီထားသည့် မြင်ကွင်းက သားမောင်မျက်လုံးထဲမှမထွက်။ ကိုလေး တခြားတစ်ယောက်ကို ဂရုစိုက်ပေးနေလျှင် သားမောင်မနာလိုဖြစ်ခဲ့ရသည်က ဟိုးငယ်ငယ်လေးကတည်းကပင်။

ငယ်ငယ်ကတော့ မသိတတ်နားမလည်သေးသည့် ကလေးသဘာ၀မို့ ထားပါတော့လေ။ အခု သားမောင်အရွယ်ရောက်လာပြီပဲ။ ၁၀တန်းတောင်ဖြေရတော့မည်။ အရာရာကိုကောင်းကောင်း သိတတ်နားလည်နေပါလျက်နှင့်ကိုလေးကို အူတိုစိတ်မလျှော့နိုင်သေးတာ ဘာကြောင့်လဲ။

ကိုလေးလည်း အရွယ်ရောက်နေပြီဖြစ်တဲ့ လူပျိုတစ်ယောက်ပဲမို့ လူပျိုသဘာ၀အပျိုတစ်ယောက်နှင့်နီးစပ်ချင်တာမျိုးလည်းရှိမှာပေါ့။ သားမောင်က နားလည်ပေးသင့်သည်မဟုတ်လား။ ဒါပေမယ့် ဘာကြောက့်များရင်ဘတ်ထဲက အောင့်နေရပါသလဲ။ သားမောင် အိမ်သို့ မြန်မြန်သွက်သွက်လျှောက်နေရင်း အသက်ကိုပြင်းပြင်းရှုရှိုက်လိုက်သော်လည်း အဆုံးထိမရောက် တစ်၀က်လောက်နှင့်ပင် လေပူတို့ကိုပြန်မှုတ်ထုတ်လိုက်ရသည်။ အသက်ရှုတွေကျပ်လိုက်တာ။

ခြံစည်းရိုးတံခါးကို အသာလှပ်၍ဖွင့်လိုက်ပြီး လှေကားခြေရင်း ခြေဆေးအိုးမှရေခပ်၍ ဖုန်တင်နေသော ခြေထောက်တို့ကိုသေချာဆေးလိုက်သည်။ ထို့နောက်အိမ်ပေါ်သို့တက်ပြီး ဘုရားစင်မှ ဆီမီးတိုင်အလင်းကို အားပြု၍ သားမောင်အိပ်နေကျ အိမ်ရှေ့ခန်းလေးမှာ အိပ်ရာခင်းလိုက်သည်။ စာလည်းကျက်ချင်စိတ်မရှိတော့ပေ။ စာမေးပွဲနီးနေပြီဖြစ်၍ သားမောင်တို့ ဆယ်တန်းတွေကို ကျောင်းလာစရာမလိုဘဲ အိမ်မှာစာကျက်ချိန်ပေးထားသဖြင့် မနက်လည်း ကျောင်းသွားစရာမလိုသေးပေ။

အမေနှင့် အမေကြီးကတော့ အတွင်းခန်းထဲမှာ အိပ်မောကျနေကြပြီထင်သည်။ သားမောင် အိပ်ယာခင်းပြီး အသာလှဲအိပ်လိုက်စဉ်မှာပဲ အိမ်ရှေ့မှ ကိုလေးရဲ့ ခေါ်သံက ခပ်အုပ်အုပ်ထွက်လာသည်။

"အငယ်... အငယ်"

သားမောင် စောင်ကိုခေါင်းမြှီးခြုံပစ်လိုက်သည်။ အခုချိန်မှာ ကိုလေးနှင့်လည်း မတွေ့ချင်သေး။

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now