Ep 15 (U)

81K 6.2K 922
                                    

ဝေလီဝေလင်းအချိန်လောက်တွင် မိုးတိတ်သွားခဲ့ပြီး စင်စင်လင်းချိန်မှာတော့ ကောင်းကင်ကြီးသည် ညကဒေါသတကြီးရွာချခဲ့တာ သူမဟုတ်တော့သလို ကြည်လင်စွာဖြင့် ပြာလဲ့၍ပင်နေသေးတော့၏။

ရေကြည်အေးရွာသားတွေကတော့ အိမ်ပြန်ပြီး လုပ်စရာရှိတာလုပ်လိုက် တံတားထိပ်ပြန်လာကြည့်လိုက်နှင့် အလုပ်များနေကြတော့သည်။ ဘိုကုန်းဘက် အနောက်ရွာတွေကလည်း စက်ဘီးနှင့်တစ်ဖုံ ခြေလျှင်လျှောက်၍တစ်မျိုး တံတားကျိုးသည်ကို လာကြည့်ကြ၍ စုတ်တသတ်သတ် နှမြောတသသနှင့် ဖြစ်နေကြပေသည်။

"ကျိုးလည်း ဘာဖြစ်သေးလဲကွာ အသစ်ရတာပေါ့"

"တံတားကလည်း အိုနေပါပြီ ... အိမ်ကသား ဖိုးခွေးတစ်သက်ရှိပြီကို"

နေ့လည်ပိုင်းလောက်ရောက်တော့ ချောင်းရေက မနက်ကထက် နည်းနည်းကျနေပြီဖြစ်သည်။ လေးညိုမှာ တစ်နေကုန် စိတ်မဖြောင့်နိုင်။ အငယ်ပြန်ရောက်ချိန်နီးလာလေ နေမထိထိုင်မသာဖြစ်လာလေ ဖြစ်နေရတော့သည်။

"ငါးအိမ်စုရောက်တာနဲ့ တံတားကျိုးမှန်းသိမှာပါ... ဟိုဘက်ကမ်းက ဝိဇယျကျောင်းမှာ သွားနေလို့တော့ရတာပဲ ဒါမှမဟုတ်လည်း ငါးအိမ်စုက သူ့သူငယ်ချင်းတွေအိမ်သွားအိပ်ပေါ့"

ဒေါ်လေးနှင်းဆီကတော့ ထိုသို့ပြောသည်။ အမေကတော့ မနက်ဖြန်ကားနဲ့ မြို့ကိုသာ ပြန်လိုက်သွားစေချင်သည်တဲ့လေ။

"ရေကျဖို့က ကြာဦးမှာ... ဒါတောင် မိုးထပ်မရွာမှ... ကျောင်းတက်ရက်တွေ ပျက်နေမှဖြင့်"

ထိုအခိုက်မှာပဲ ဦးချစ်တီး၏ သား ဖိုးအေးက ခြံထဲသို့ ပြေးဝင်လာသည်။

"အရီး...ကိုလေးညို... ဟိုဘက် တံတားထိပ်မှာ ဆရာလေးရယ်"

"ဟမ်!"

ဖိုးအေးစကားအဆုံးမှာ လေးညို ခြံထဲမှပြေးထွက်သွားလိုက်သည်။ အမေက ခြေရင်းအိမ်မှ ဒေါ်လေးနှင်းဆီကို အော်ခေါ်ပြီး နောက်မှလိုက်လာသည်။ မမ နှင့် အဖေကလည်း အိမ်ပေါ်မှ ပြေးဆင်းလာကြသည်။ လေးညို ခြံပြင်ရောက်တော့ ရွာအနောက်မှ လင်းလင်းဦး နှင့် ငကျော်ကလည်း ပြေးလာသည်ကိုတွေ့ရ၏။ တံတားထိပ်မှာလည်း လူတွေစုနေကြပြီး တစ်ယောက်တစ်ပေါက်တွေဖြင့် ဟိုဘက်ကမ်းကို လှမ်းအော်နေကြသည်။

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now