Ep 10 (U)

63.6K 5.3K 497
                                    

ကိုလေး အနောက်ဖက်ရွာသို့ ခဏသွားနေသဖြင့် သားမောင် အိမ်မှာပဲစာထိုင်ကျက်နေရသည်။ မနက်က ဓာတုဗေဒ ဘာသာရပ်ကို ဖြေဆိုခဲ့ရပြီး မနက်ဖြန် ရူပဗေဒ ဘာသာရပ်အတွက် ကိုလေးက အစအဆုံးပြန်မကြည့်ခိုင်းတော့ပဲ အရေးကြီးသည့်အချက်များကိုသာ notes ထုတ်ပေးထားသည်။

သားမောင်က အိမ်ရှေ့ခန်းတွင် စားပွဲခုံပုလေးနှင့် စာကြည့်နေပြီး ဘေးတွင် အမေကြီးက လက်ဖက်သုပ် ပန်းကန်နှင့် ရေနွေးအိုးကို လာချပေးသွားသည်။ သားမောင်က လက်ဖက်တစ်ဇွန်းခပ်စားပြီး ရေနွေးကြမ်းလေး ငှဲ့သောက်လိုက်သည်။ လက်ဖက်ပန်းကန်ဘေး၌ ကိုလေး မြို့ကမှာပေးထားသော မြေပဲယိုများကို အမေက ဖန်ပုလင်းနှင့်အပြည့်ထည့်ထားပေးသည်။

ထိုအခိုက်မှာပဲ အိမ်ရှေ့မှ ဥက္ကဋ္ဌကတော် ဒေါ်လေးသန်းရင်က အမေ့နာမည်ကို အော်ခေါ်ပြီး ခြံထဲသို့ဝင်လာသည်။

"မနှင်းဆီရေ ... အိမ်သားတွေ ရှိကြလားဟေ့"

"ရှင် မမသန်းရင်လား... ရှိတယ် ရှိတယ် လာပါတော်"

"ငါတို့ကလေး စာမေးပွဲဖြေနေလို့ စူပါကော်ဖီမစ်ထုတ်တွေ ဝယ်လာပေးတာပါအေ...စာကြည့်ရင်း သောက်ရအောင်"

"ဟယ် အားနာစရာကို... သားမောင်ရေ နင့်ဒေါ်လေးဆီက လာယူလိုက်ဦး ဒီမှာ"

သားမောင်က အိမ်အောက်သို့ဆင်းသွားပြီး ဒေါ်လေးသန်းရင် ဆီမှ စူပါကော်ဖီမစ်ထုတ်တွေ ကိုယူရသည်။

"အများကြီးပါလား ဒေါ်လေးရ"

"ကော်ဖီမစ် သောက်ရင် ညကျအိပ်မငိုက်ဘူးတဲ့ .. ကလေး အကုန်ဖြေနိုင်ခဲ့တယ်မဟုတ်လား"

"ဖြေနိုင်တာပေါ့ဗျ မြသားမောင်ပဲ ဘယ်သူမှတ်လို့"

သားမောင်က မျက်ခုံးကိုပင့်က ခပ်ကြွားကြွားလေးပြောတော့ ဒေါ်လေးသန်းရင်က တဟားဟားနှင့် သဘောကျနေတော့သည်။ သားမောင် ဒေါ်လေးသန်းရင်ကို နှုတ်ဆက်ပြီး အိမ်ပေါ်ပြန်တက်လာခဲ့သည်။ စာကြည့်စားပွဲနားတွင် ပုံနေသော စားစရာများကိုကြည့်ရင်း ဒီလိုကျတော့လည်း ဆယ်တန်းဖြေရတာ ကောင်းလိုက်တာဟု တွေးမိပြန်သည်။

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now