လေးညို ယာခင်းထဲမှပြန်လာပြီး အိမ်ရှိ ရေတွင်းမှာပဲ ရေခပ်ချိုးလိုက်သည်။ လျှော်ထားသောပုဆိုးနှင့် အင်္ကျီကို ခြံထဲရှိဝါးလုံးတန်းတွင်ထွက်လှန်းနေစဉ် အိမ်ရှေ့လမ်းမတန်းဆီမှ အငယ့်သူငယ်ချင်း ငကျော်နှင့် လင်းလင်းဦးတို့ အငယ့်နာမည်ကို အော်ခေါ်သွားကြသည်။
"သားမောင်ရေ့.... မြသားမောင်!"
လေးညို အိမ်ရှေ့ဆီသို့လှမ်းကြည့်လိုက်တော့ သူတို့နှင့်အတူ ကိုပေါက်စပါ ပါသည်။ ရွာထိပ်ရှိ အေးစေတီ ဆီသို့ တက်ညီလက်ညီသွားနေကြပုံထောက်လျှင်တော့ ဘာရှိရဦးမည်လဲ ဖဲရိုက်ကြဖို့ပဲဖြစ်မည်။ ကိုပေါက်စက ရွာမှာနာမည်ကြီး ဖဲဂျိုး၊ အရက်ဂျိုး။ လေးညိုက အငယ် သူတို့နှင့် ရောရောနှောနှောနေသည်ကို လုံးဝကိုသဘောမကျပေ။ ဖဲက အပျော်တန်းရိုက်ကြသည်ဆိုသော်လည်း ပိုက်ဆံ ၁၀၀ မျိုး ၂၀၀မျိုးလောက်တော့ ထိုးကြရသည်သာ။
အငယ်တို့အိမ်မှာ ၀င်ငွေက ဒေါ်လေးနှင်းဆီတစ်ယောက်တည်းပေါ်တွင်သာ မှီခိုနေကြရသည်။ အငယ့်အဖွားဖြစ်သူ အမေကြီးဒေါ်သိန်းရှင်က ဘိန်းမုန့်လုပ်ရောင်းသော်လည်း မုန့်ဖိုးပဲဖိုးလောက်သာရသည်။ ရွာမှာ လူတိုင်းလိုလိုမုန့်လုပ်တတ်နေတော့ တော်ရုံမုန့်မ၀ယ်စားတတ်ကြပေ။
ဒေါ်လေးနှင်းဆီက ကိုယ်တိုင်အိုးမလုပ်ပေမဲ့ ရွာထဲမှ အိုးဖိုများတွင် အိုးလိုက်ကောက်ပြီး တစ်ခြားရွာများသို့ သွားပြန်ရောင်းသည်။ ထွေးညို လုပ်သည့်အိုးတွေကိုလည်း ဒေါ်လေးနှင်းဆီပင် အမြဲယူရောင်းပေးရသည်။ ထိုဝင်ငွေနှင့်ပင် သားအမိ မြေးအဖွားသုံးယောက် ရပ်တည်နေကြရသည်ပင်။ ဒါတောင် လေးညိုတို့အိမ်က အငယ့်ကို အားလုံးနီးပါးတာဝန်ယူထားသလိုမို့သာ တော်တော့သည်။
လေးညိုက အငယ့်ထက် သုံးနှစ်ပဲကြီးသော်လည်း အငယ်ကလေးဘ၀ကတည်းက အနီးကပ်တူတူနေခဲ့ရပြီး ကိုယ်လက်သုတ်သင်တာကအစ လူကြီးတယောက်လို ကိုယ်တိုင်စောင့်ရှောက်ပေးခဲ့ရသူမို့ ကိုယ်တိုင်ပျိုးခဲ့ရသည့် ပန်းကလေးတစ်ပွင့်လိုမြင်နေမိတော့သည်သာ။ အငယ့်ကို အပြစ်အနာအဆာ အစွန်းအထင်းမရှိဘဲ ဖြူဖြူစင်စင်လေး ပွင့်လန်းစေခဲ့ချင်မိတာ လေးညို၏ တကယ့်ရင်ထဲက စေတနာ။
YOU ARE READING
Mya Thar Maung (From Yae Kyi Aye)
Romance(Myanmar Boy Love Fiction-OC) ရေကြည်အေး ရွာလေးကို သိပ်ချစ်တဲ့ မြသားမောင် ဆိုတဲ့ကောင်လေးတစ်ယောက် နဲ့ မြသားမောင်လေးကို သိပ်ချစ်တဲ့ လေးညိုဆိုတဲ့ ကောင်လေးအကြောင်း...ရွာသားလေးတွေကလည်း ချစ်တတ်ပါကြောင်း