Ep 14 (Z)

22.1K 623 10
                                    

သားမောင် ဆယ်တန်းအောင်သည်... အောင်တာမှ ဂုဏ်ထူး ၅ ဘာသာနှင့်...

ငကျော် နှင့် လင်းလင်းဦးလဲ ရိုးရိုးအောင်ကြသည်...

သားမောင် ဂုဏ်ထူး ၅ ဘာသာပါတဲ့ အတွက် ငါးအိမ်စု ကျောင်းကရော ရွာကရော ဆုပေးကြသေးသည်... ဆုပေးပွဲနေ့က ကိုလေးအရမ်းပျော်နေပုံကို သားမောင်ခုထိ မျက်စိထဲက မထွက်သေး...

အောင်စာရင်းသွားကြည့်ပေးပြီး ပြန်လာတော့ ကိုလေးက ဘာစကားမှမပြောသေးပဲ သားမောင်ကိုအကြာကြီးဖက်ထားခဲ့သည်... သူ့တုန်းက ဂုဏ်ထူး ၂ ဘာသာပဲ ပါခဲ့ပြီး သားမောင် အလှည့်မှာ ၅ ဘာသာအထိပါအောင် လုပ်နိုင်ခဲ့တာကို ကိုလေးကဂုဏ်ယူလို့မဆုံး ဖြစ်ခဲ့သည်...

ရွာမှာလည်း အမေနဲ့ အမေကြီး တို့က တရွာလုံးကို မုန့်ဟင်းခါးချက်ကျွေးခဲ့သေးသည်... ရွာကလူတွေလည်း သားမောင်အတွက် ဂုဏ်ယူလိုက်ကြတာမှ အုပ်အုပ်ကြွက်ကြွက်နှင့် ဝုန်းဆူနေကြတော့၏...
အရီးဘုမဆို အနောက်ရွာဘက်တွေထိပင် ကြုံရင်ကြုံသလို ကြွားနေတော့သည်ပင်...

အမှတ်စာရင်းတွေရတော့ သားမောင်အမှတ်က ဆေးကျောင်းမီသည်... သို့သော် သားမောင်က ဆေးကျောင်းတက်ဖို့ စိတ်ကူးမရှိ... ကိုလေးကဆို နှမြောတသသနှင့် အားတိုင်းနားချနေတော့သည်...

"အငယ်ရာ... သူများတွေဆို တက်ချင်လွန်းလို့မှ... အငယ်က ကျောင်းစားရိတ်ကို ပူနေတာလား... ကိုလေး တယောက်လုံး ရှိတယ်လေ ဘာပူစရာရှိလို့လဲကွာ"

အမေကလည်း တက်စေချင်သည်...

"အမေလဲရှာနိုင်ပါသေးတယ် ငါ့သားရယ်...ငါ့သားသာ ဆရာဝန်ကြီးဖြစ်လို့ကတော့ ရေကြည်အေး တရွာလုံး ဂုဏ်တက်မှာ"

မမထွေးညိုကဆို တဖျစ်တောက်တောက်နှင့်...

"အငယ်ရယ်...ဆရာဝန်ဆိုတာ လူတိုင်းလုပ်နိုင်တာမဟုတ်ဘူး... ငါ အိုးလုပ်ပြီး ထားပေးစမ်းပါ့မယ်ဟယ်... ဆေးကျောင်းပဲ တက်လိုက်စမ်းပါ"

ဥက္ကဌကတော် ဒေါ်လေးသန်းရင်တို့ ဆိုလည်း အိမ်သို့ ချောင်းပေါက်မတတ်လာ၍ အားမလို အားမရဖြစ်နေခဲ့ကြသည်...

"ငါတို့ကလေးသာ ဆေးကျောင်းတက်ရင် ကျောင်းအသုံးစားရိတ်ကို ရွာကလည်း ဝိုင်းထောက်ကြမှာပေါ့အေ့"

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now