သားမောင်တို့ ရွာဘက်တွေမှာတော့ ဆောင်းကုန်ခါနီးပြီဆို ခရမ်းချဉ်သီး စိုက်သူတွေရဲ့ ဆောင်းသီးခူးချိန်ရောက်ပြီဖြစ်သည်... ဘကြီးတို့လည်း ဆောင်းသီးစိုက်ထားသေးသဖြင့် ဒီနေ့ခူးဖို့ပြင်နေကြသည်... ကိုလေးက ခရမ်းချဉ်သီးခူးပြီး ထည့်ရန် နှီးတောင်းများကို ပြင်ဆင်နေသည်...
"ကိုလေး...ကျွန်တော် လိုက်ခဲ့မယ်နော်"
"နေခဲ့ပါ အငယ်ရာ... မေးခွန်းဟောင်းတွေ ပြန်ဖြေထား... ကိုလေး မကြာဘူး တမနက်ခင်းလေးပဲ...ပြီးရင်ပြန်လာမှာ"
"ကိုလေးကလည်း ခဏပဲလိုက်ချင်လို့ဟာကို"
"အငယ် မနေ့ညကလည်း အစောကြီးအိပ်ထားတာ ဒီမနက်တော့ စာကျက်ရတော့မယ်လေ"
"စာတွေက ရနေပါပြီဆိုဗျာ"
ကိုလေးက သားမောင်ခေါင်းမှ ဆံပင်တို့ကို ဆွဲဖွပြီး...
"မလိုက်ရဘူး စာကျက်နေခဲ့...နေတွေပူတယ်"
သားမောင်မျက်နှာက မှုန်မှိုင်းကာ စူပုတ်နေတော့သည်... မမထွေးညိုကလည်း ရှပ်အင်္ကျီလက်ရှည်နှင့် ခမောက်ဆောင်းကာ အိမ်ပေါ်မှာဆင်းလာသည်... မမထွေးညိုပါ ယာခင်းထဲလိုက်မည်ဆိုတော့ သားမောင်လည်း လိုက်ချင်လို့ ဖင်တကြွကြွနှင့် ဖြစ်နေတော့သည်...
"အငယ် ဘာဖြစ်နေတာတုန်း"
"အဟွန်း... အခင်းထဲလိုက်ချင်နေတာတဲ့"
ကိုလေးက လှေခါးလက်ရမ်းကို မှီတွယ်ကာရပ်နေသော သားမောင်ကိုကြည့်ပြီး ချစ်စနိုးနှင့် နဖူးကိုလာတောက်သည်... သားမောင်က ကိုလေးလက်တွေကို တွန်းဖယ်ပစ်လိုက်သည်...
"ရှည်ပြန်ပြီနော် အငယ်... သူများတွေ နေပူလို့ အခင်းထဲမသွားချင်ဖြစ်နေတာ အိမ်မှာအေးအေးနေပြီး စာကျက်နေပါလား"
"စာက တချိန်လုံးကျက်နေတာပဲဟာကို"
"ဘယ်မှာ တချိန်လုံးကျက်နေလို့လဲ... ငါကြည့်နေစမ်းတယ်...မြသားမောင်တို့ စာကျက်ပါဟေ့ဆိုရင် အလုပ်တွေက လုပ်ချင်လာပါလိမ့်မယ်... တံမျက်စည်း ထလှည်းရတာနဲ့... နွားစာကျွေးချင်ရတာနဲ့...ကျန်တဲ့အချိန်ဆို ခိုင်းမရဘူး...စာကျက်ခိုင်းရင်တော့ လုပ်ပြပါလိမ့်မယ်"
YOU ARE READING
Mya Thar Maung (From Yae Kyi Aye)
Romance(Myanmar Boy Love Fiction-OC) ရေကြည်အေး ရွာလေးကို သိပ်ချစ်တဲ့ မြသားမောင် ဆိုတဲ့ကောင်လေးတစ်ယောက် နဲ့ မြသားမောင်လေးကို သိပ်ချစ်တဲ့ လေးညိုဆိုတဲ့ ကောင်လေးအကြောင်း...ရွာသားလေးတွေကလည်း ချစ်တတ်ပါကြောင်း