နမ္မတီးရဲ့ဆောင်းနံနက် က ၈နာရီ ခွဲနေပြီဖြစ်သော်လည်း နေရောင်ခြည်သည် နှင်းထုထည်အား မဖြိုခွင်းနိုင်သေးပေ။ တစ်ခါတစ်ရံမှာလည်း နေ့လယ် ၁၂နာရီလောက်ထိ နေလုံးဝ ထွက်မလာသည်မျိုးလဲရှိနေပေသည်။ သည်မြို့လေးက ဆောင်းရာသီဆိုလျှင် မြစ်ကြီးနား မိုးကောင်း စသည် မြို့များထက် ပို၍ပင်အေးနေတတ်သည်။မြို့သေးသည်ကတစ်ကြောင်း၊ စက်မှုလုပ်ငန်းမထွန်းကားသည်ကတစ်ကြောင်း၊တောင်ပတ်ပတ်လည် ဝန်းရံထားသည်ကတစ်ကြောင်းနှင့် ပို၍ပင်အေးနေတတ်ပါသည်။
"အဒီး......အဒီး"
"လာပြီ၊လာပြီ"
စူးကျယ်အောင်သည် အဒီးနှင့်သက်တူရွယ်တူ ဆယ်တန်းကျောင်းသားတစ်ယောက်ဖြစ်သည်။ အဒီးအိမ်နှင့် စူးကျယ်အောင်တို့အိမ် သိပ်အလှမ်းမဝေးလှသဖြင့်ကျောင်းသွားတိုင်း အတူသွားဖြစ်ကြသည်။သည်နေ့တော့ အဒီးတစ်ယောက် အနွေးထည်လိမ္မော်ရောင်စပ်နှင့်ပို၍ သတိထားမိစရာကောင်းနေသည်။
"အလား.... အနွေးထည်အသစ်တွေဘာတွေနဲ့ဟေ့ ဘောဇိတွေက"
"မဟုတ်ပါဘူးကွာ မနေ့ကမှ အဖေ ကျယ်ခေါင်က ပြန်လာလို့ပါလာတာပါ"
အဒီး အဖေ နှင့် စူးကျယ်အောင်အဖေ တို့သည် စီးပွါးရေး လုပ်ငန်းတူကြသည်။ အပါကြီးနှင့်အဒီးအဖေ မှာ ကုန်တင်ကားတစ်စီးစီရှိကြသည်။ဆီဆိုဆီ၊ကြံဆိုကြံ၊ကုန်ဆိုကုန် နယ်စပ် သို့ ပို့ကြသည်။သည်လုပ်ငန်းဟာ ကိုယ်ပိုင်ကုန် နှင့်ကိုယ်ပိုင်ကားဆိုလျှင်တော့ ဝင်ငွေကြမ်းကြမ်းရနိုင်သည်။ အဒီးအဖေနှင့် စူးကျယ်အောင်အဖေ တို့သည် ကုန်သည် နှစ်ဦးကြားဆက်သွယ်ပို့ဆောင်ပေးသော ကားပိုင်ရှင်ကားမောင်းသူများသာ ဖြစ်ကြသည်။ထို့ကြောင့်လဲ စူးကျယ်အောင်နှင့်အဒီးတို့ နှစ်ယောက် အများကြီး မချမ်းသာကြပါ။ ယခုကဲ့သို့ တရုတ်ပြည်နယ်စပ်က ပြန်လာလျှင်သားသမီးများအတွက် နယ်စပ်မှာ ရောင်းချတတ်သော ပစ္စည်း ပစ္စယ များပါလာမြဲပင်။ခုလဲ ကြည့်လေ ကျယ်ခေါင်ကနေ စျေးသက်သက်သာသာနဲ့ရလာတဲ့ သည်အနွေးထည်ဟာ စျေးဆိုင်ပေါ်ရောက်ပြီး တံဆိပ်ကပ်လိုက်မယ်ဆိုရင် စျေးကြီးပေးဝယ်ရပေတော့မည်။ အဒီးကတော့ အသက်သာဆုံးစျေးနှင့် ကောင်းစားသွားချေပြီ။ သူ အဒီးနှင့်စသိ သည်မှာ အဒီးတို့မိသားစု နမ္မတီးကိုပြောင်းလာသော ၈တန်းနှစ်မှာပင်ဖြစ်သည်။ စူးကျယ်အောင်မှာ ရှားရှားပါးပါး သူငယ်ချင်းဟူ၍ အဒီးတစ်ယောက်သာ ရှိပါသည်။ အဒီး၏နာမည်အရင်းမှာ ယော်ဆောင်ဒီး ဖြစ်၍ ကချင်အစစ်ဖြစ်သည်။ ကချင်တို့၏ ဓလေ့ထုံးစံအရ အဖျားစွတ်တစ်လုံးအား အ ပေါင်း၍ အဒီးဟူ၍ဖြစ်သွားသည်။
YOU ARE READING
ကြည်ပြာရောင်နေ့စွဲများ
Fanfictionလွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိပ်ခဲ့တာပါ။ ဝေးသွားလိမ့်မယ်လို့ဘယ်သူကထင်မိလိမ့်ပါ့မလဲ။