ရက်စွဲ(၃)

1.2K 111 23
                                    

"အဲ့တာဆို နင်ဒီဘက်ကို လာလေ"
"မဟုတ်ဘူး၊သူတို့  ကဟိုဘက်ကနေ လာလိမ့်မယ်၊နင်အဲ့တံခါးကိုသေချာပိတ်ထား၊သူတို့အရမ်းများနေပြီ"

အဖြူရောင်ဆောက်ပြီးခါစ အဆောက်အအုံကြားထဲတွင် နံရံသုတ်ဆေးများ၏ရနံ့များပင်မခြောက်သေးပါ။ စူးကျယ်အောင်နှင့် မိန်းကလေးတစ်ယောက် မောပန်းကြီးစွာစကားပြောနေကြခြင်းဖြစ်သည်။စကားပြောဆိုကြသည်ဆိုတာထက် သူတို့ လွတ်လမ်းကိုရှာနေကြခြင်းဖြစ်သည်။စူးကျယ်အောင်ဘေးဘီကို ဝေ့ကြည့်မိသည်။ ထပ်ထွက်မလာတော့ပေ။ထိုသတ္တဝါများ သည် စူးကျယ်အောင်တို့အား အရှင်ရရ အသေရရ လိုက်ဖမ်း၍ သတ်ပစ်ကြမည်ကို သူတို့သိနေသည်။ ထိုသတ္တဝါများသည် လူသားများပင်ဖြစ်သည်။သို့သော် ခြေပြတ်၊လက်ပြတ်၊ခေါင်းပြတ်များ ဖြစ်ကြကာ ရွံစရာကောင်းလှပေသည် ၊အဝတ်အစားများမှာလဲ သွေးများညှီဟောက်နေကာ အစွန်းထင်းများစွာ အပြဲ အဖာရာပေါင်းများစွာ နှင့် ရှိလှသည်။ ထိုသတ္တဝါများ မရှိတော့ဘူးဟုထင်ကာ စူးကျယ်အောင် မှန်တံခါးအပြင်ဘက်သို့ သတိကြီးစွာ ထွက်လာခဲ့သည်။
"အား........."
ရုတ်တရက် ထိုသတ္တဝါများပေါ်လာကာ စူးကျယ်အောင်အားလိုက်ဖမ်းကြလေတော့သည်။
"စူး...ကျယ်...အောင်....၊အပြင်ဘက်ကိုထွက်ပြေး၊ထန်းပင်ပေါ်တက်ပြေး"
အခန်းထဲမှ မိန်းကလေးလှမ်းအော်သတိပေးသည်ကို သူနာခံလိုက်သည်။ထန်းပင်ပေါ်သို့တက်လိုက်သည်။သူ့ကိုယ်ခန္ဓာ တစ်ခုလုံး မည်သည်မျှ အားစိုက်ထုတ်စရာမလိုဘဲ လေပေါ် ပေါ့ပါးစွာ လွင့်သွားပြီး ထန်းပင်ထိပ်ဖျားရောက်သွားသည်။ရင်ထဲတွင်တော့ လှပ်ခနဲ အေးခနဲဖြစ်သွားသည်။ကြောက်စရာ သတ္တဝါကြီးများလည်း ထန်းပင်ပေါ်သို့ ကုတ်ဖက်ကာ တက်လိုက်ကြသည်။စူးကျယ်အောင်သည် တစ်ယောက်၊ထိုသတ္တဝါများသည် ရာချီကာ ရှိနေသည်။ စူးကျယ်အောင် ထန်းပင်နောက်တစ်ပင်ပေါ်သို့ လွှားခနဲ ခုန်ကူးသွားသည်၊ရင်ထဲ တစ်ဖန် အေးခနဲ လှပ်ခနဲ ဖြစ်သွားရပြန်သည်။ထိုသို့နှင့် ထန်းပင်ထိပ်ဖျားသို့တစ်ပင်ပြီး တစ်ပင်ကူးကူးသွားရသောကြောင့် ရင်ဘတ်ထဲ လစ်ဟာ နေသည်။ခန္ဓာ တစ်ခုလုံးသည်လည်းလေပေါ်တွင်မြောက်နေသောကြောင့် ခြေလက်များပင် လှုပ်၍မရတော့ဘဲ အကြောအချင် တို့ မည်သို့မည်ပုံဖြစ်နေသည်ကိုပင်မသိတော့ပါ။ ကူးစရာ ထန်းပင်ကုန်သွားသည်။ထို့နောက် စောစောက တိုက်သစ်ပေါ်သို့ နံရံပေါ်ကပ်သွားမိသည်။ပြုတ်မကျမိရန် ရင်တလှပ်လှပ် နှင့်အောက်ကို ငုံ့ကြည့်နေမိသည်။ အောက်မှ သတ္တဝါကြီးများလည်း အခြေနေပို၍ဆိုးရွားလှပေသည်။ တိုက်မှတစ်ဆင့် တိုက်ဘေးတွင် တောအုပ်လေးတစ်ခုရှိကာ ထိုတောအုပ်ထဲ ပစ်ခုန်ကူးသွားပြန်သည် ။ထို့နောက်အပင်ကြီးတစ်ပင်ပေါ်သို့ တက်ကာ အသက်ရှူဖို့ပင်မေ့နေမိသည်။မိုးသည်လည်း လင်းပင်မလင်းနိုင်တော့ပါ။ ထိုသို့မဟုတ် မိုးကချုပ်မသွားတာလား။သူမသိပါ မှောင်ရီရီဖြစ်နေတာဟာ မိုးလင်းတော့မှာလား၊မိုးချုပ်တော့မှာလား။ ဘာကြောင့်ခုလို အချိန်က အလွန်တရာကိုမှ ကြာနေရတာပါလဲ။စူးကျယ်အောင် အရမ်းမောဟိုက်နေပါသည်။ အသက်ပင်ဝဝ မရှူရဲပါ၊ ချွတ်ခနဲ အသံကြားမိသဖြင့် အနောက်သို့ လှည့်ကြည့်မိရာ တစ်စုံတစ်ဦးမှ စူးကျယ်အောင်အား လှံဖြင့်ထိုးချလိုက်လေသည်။
"အား..........."
"ဟင်၊သားလေး ၊ဘာဖြစ်တာလဲ"
စူးကျယ်အောင်အိပ်ယာမှ လန့်နိုးလာသည်။အသက်ရှူမဝအောင် မောဟိုက်နေသည်။အပါကြီး ဘေးနားမှနေ၍ ရင်ဘတ်နှင့်ကျောကိုပွတ်ပေးနေသည်။
"ရေသောက်လိုက်၊အပါကြီးသွားခပ်ပေးမယ်"
ရေတစ်ခွက်သောက်ပြီးနောက်.........
"အဟင့် ...ဟင့််....ဟင့်...."
စူးကျယ်အောင် အပါကြီး ရင်ခွင်ထဲ တိုးဖက်ကာ ငိုမိပါတော့သည်။ အပါကြီး နှစ်သိမ့်ပေးနေမိသည်။
"ငါ့သားလေး သနားပါတယ်ကွာ၊အပါကြီးရှိတယ်နော်၊ငါ့သားလေးကိုမှကွာ ဒီနတ်ဆိုးက ဘာလို့အမြဲခြောက်လှန့်နေရတာလဲကွာ"
ပြောရင်းဆိုရင်း အပါကြီး အံတွေကြိတ်ကာ နှပ်များတရှုံ့ရှုံ့နှင့် ယူကြုံးမရဖြစ်ပါလေတော့သည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now