နယ်စပ်ဒေသရဲ့ ခေါင်ပါးတဲ့ တောရွာလေးတစ်ခုမှာ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ပြီး နေထိုင်တဲ့ မြေးအဘိုးနှစ်ယောက်ရှိသည်။
"အဘိုး..အရိပ်အောက်မှာ နားနေပါ..ကျန်တာတွေ ကျနော်ပဲ ဆက်ပြီးလုပ်လိုက်ပါ့မယ်ဆို "
အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ အဘိုးက ငယ်စဥ်တောင်ကြေး ကလေးဘဝကတည်းက တောင်ယာလုပ်လာသူမို့လို့ ကြံ့ခိုင်ပါသော်ငြား ဇရာက မနေတော့ပေ။ အနားယူဖို့ကို သုံးခေါက်မြောက်ပြောပြီးမှ အပင်ရိပ်အောက် သွားထိုင်သည့် အဘိုးကိုကြည့်ပြီး ခွန်းမိုင် ခေါင်းခါရမ်းလိုက်သည်။ သူ့အဘိုးလို့မပြောရဘူး..သိပ်ခေါင်းမာသည်။
ခွန်းမိုင် ခြံထွက်ကြက်ဥ၊ ဘဲဥများကို မကွဲစေရန် သေတ္တာပုံးများနှင့် သေချာကာကွယ်ထည့်ပြီး သုံးဘီးပေါ်သို့ တင်လိုက်သည်။
"ဝေးး.. မော်ခွန်းမိုင်!"
ညစ်ပတ်နေသောလက်များကို တစ်ဘက်နဲ့တစ်ဘက် တဖြတ်ဖြတ်ပွတ်ခါရင်း အသံလာရာကိုကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူ စောမိုးနေ ကိုမြင်လိုက်ရသည်။
ခွန်းမိုင်တို့ရဲ့ ခြံဝန်းက အနိမ့်ပိုင်းကျတာမို့လို့ ခြံစည်းရိုးရဲ့အပြင်ဘက် ကုန်းမြင့်ထက်ကနေ လှမ်းအော်ခေါ်သော စောမိုးနေကို ခွန်းမိုင် လက်ပြလိုက်ကာ
"ဘာလဲ စောနေ "
"စျေးထဲကနေ ငါမှာတာ မေ့မလာနဲ့ဦးလို့ "
"သိတယ်..ဘာလို့ခဏခဏ သတိပေးနေတာလဲ..မင်းအဲ့လောက်တောင် စိတ်ရှည်ရှည်နဲ့မစောင့်နိုင်ဘူးလား "
"အေးပါ..မေ့ရဲရင် မေ့လာကြည့်..မင်းနဲ့ငါတွေ့မယ် "
ခွန်းမိုင်တို့ နယ်ခံအုပ်စုနေထိုင်သည့် တောတန်းမှာ စည်ကားသော စျေးနှင့် ကားတတန် ပေတတန် သွားရတာကြောင့် စောမိုးနေက ခွန်းမိုင်ကိုလမ်းကြုံပစ္စည်းမှာခြင်းဖြစ်လေသည်။
"ကဲ! မြေး...အချိန်လည်း မစောတော့ဘူး..အားလုံးတင်ပြီးရင် ထွက်ကြရအောင် "
"ဟုတ် အဘိုး "
မော်ခွန်းမိုင်ရဲ့ အသက်က နောက်နှစ်လနေရင် ၂၃ နှစ်ပြည့်တော့မှာဖြစ်သည်။ မိဘနှစ်ပါးကတော့ ခွန်းမိုင် ငယ်ငယ်လေးကတည်းက မတော်တဆဖြစ်လို့ ဆုံးပါးသွားခဲ့သည်။ ခွန်းမိုင်က အဘိုးနဲ့ အတူ မွေးမြူရေးလုပ်ရင်း အရွယ်ရောက်လာခဲ့ခြင်းဖြစ်သည်။
YOU ARE READING
Beloved Mai