Part_5

2.4K 120 1
                                    

"မောင်လေးက ဘယ်ကလဲ? "

"ကျနော်က မော်ခွန်းမိုင်နဲ့ အတူလာတာပါ"

"သြော် ဟုတ်လား..အဲ့တာကြောင့် အရင်က မတွေ့ဖူးပါဘူးလို့ "

ကြက်ဥတွေသွင်းရင်း ပိုက်ဆံစစ်နေသော ခွန်းမိုင်တစ်ယောက် ရိုင်ဟန်းရဲ့အသံကိုကြားတာကြောင့် လှည့်ကြည့်လိုက်သည်။

အဝယ်ဒိုင်ဆီကိုလာရောင်းတိုင်း ရိုင်ဟန်းက ဂိုဒေါင်အပြင်ဘက်က သုံးဘီးပေါ်မှာပဲစောင့်လေ့ရှိသည်။ ဒါ့ကြောင့် တော်တော်များများက ရိုင်ဟန်းကို မျက်မှန်းတန်းမိလေ့မရှိကြ။ ဒီနေ့မှာတော့ ဆိုင်ပိုင်ရှင်မိန်းမက ဘာစိတ်ကူးပေါက်တယ်မသိ ။ ဂိုဒေါင်အပြင်က သုံးဘီးနားအထိ သွားပြီး ရိုင်ဟန်းနဲ့စကားပြောနေသည်။

"မော်ခွန်းက ဒီမှာ ကြက်ဥပင်တိုင်သွင်းနေကြ ဖောက်သည်လေ..အစ်မစိုင်တို့အချင်းချင်းသိလာကြတာကြာပြီ..ဒီလို ခပ်ချောချောအစ်ကိုတစ်ယောက်ရှိတယ်လို့တော့ မကြားမိပါလားကွယ် "

ဆိုင်ပိုင်ရှင်မိန်းမက နဂိုကတည်းက တစ်ခုလပ်ဖြစ်သည်။ အရွယ်ကလည်းကောင်းတုန်း၊ လူကလည်း ရင်နဲ့တင်နဲ့ ပြည့်လို့ဖြိုးလို့ လှတုန်းဖြစ်သည်။ ခွန်းမိုင် ပိုက်ဆံစစ်နေရင်းက စိတ်မချစွာ နောက်လှည့်ကြည့်တော့ ထိုမိန်းမရဲ့ လက်သည်းရှည်ရှည်များက ရိုင်ဟန်းရဲ့ လက်မောင်းကို ကယုကယင်ဖြင့် ကုပ်လိုက် ၊ ရိုက်လိုက်၊ တို့လိုက်၊ ထိလိုက် လုပ်နေတာမြင်လိုက်ရလေသည်။

"မောင်လေး အသက်က ဘယ်လောက်ရှိပြီလဲ "

"အာ..ကျနော်.. "

"ရိုင်ဟန်း "

သူတို့နှစ်ဦး၏စကားဝိုင်းထဲ ခွန်းမိုင် ဝင်ဖြတ်လိုက်သည်။

"အစ်မစိုင်..ကျနော်တို့ ပြန်လိုက်ဦးမယ် "

"သြော် အေး..ပိုက်ဆံသေချာစစ်ရဲ့လား "

"ဟုတ်ကဲ့ "

"ဂရုစိုက်မောင်းဦးနော်...မနေ့ညက မိုးရွာထားတော့ အကွေ့တွေက လမ်းချော်နေမယ်..မောင်လေး ရိုင်ဟန်း နောက်လည်းလိုက်ခဲ့နော် "

"ဟုတ်ကဲ့ အစ်မစိုင် "

စကားအမျှင်မပြတ်မှာစိုး၍ ခွန်းမိုင်က ရိုင်ဟန်းကို သုံးဘီးဆီ ဇွတ်တွန်းထိုးလွှတ်ရသည်။

Beloved Mai Where stories live. Discover now