Part_17

1.1K 93 5
                                    

အိမ်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရပြီဆိုတာနဲ့ ခွန်းမိုင် ပထမဆုံးလှုပ်ရှားတာက မီးဖိုချောင်ဝင်တာပဲ ဖြစ်သည်။ သောင်းကြန်းနေတဲ့ ခွန်းမိုင်က ရုတ်တရက်ကြီး နူးညံ့စွာ ချဥ်းကပ်လာတာကို သံသယမဖြစ်စေဖို့ဆိုရင် ခွန်စိုင်းဒင်ရဲ့ လွန်ခဲ့တဲ့ နှစ်လက အမှတ်တရတွေကို ပြန်ဖော်ရမည်။

ရိုင်ဟန်းအတွက် ခွန်းမိုင် ချက်ပေးခဲ့ဖူးတဲ့ ဟင်းတစ်ချို့ကို ပြန်လည်ချက်ပြုတ်လိုက်သည်။ အစောင့်တွေက ခွန်းမိုင်နောက်ကနေ တကောက်ကောက် မလိုက်ရတော့ပေမဲ့ သူတို့ရပ်နေသည့်နေရာကနေတော့ စောင့်ကြည့်အကဲခတ်နေကြဆဲ။ အိမ်တော်ထိန်းအမျိုးသမီးမှာ ခွန်းမိုင်ကို မီးဖိုချောင်မဝင်စေချင်တာ သိသာသည်။ သို့သော် သူတို့သခင်လေးရဲ့အမိန့်အရ ခွန်းမိုင်က ခွင့်ပြုချက်ရပြီးသားမို့ မလွန်ဆန်ရဲပေ။

မနက်စာ စားဖို့ ထမင်းစားခန်းထဲဝင်လာသော ခွန်စိုင်းဒင်က စားပွဲပေါ်က အစားအသောက်များ တစ်မူထူးခြားနေသည်ကို သတိထားမိသည်။ ခွန်းမိုင်က အေပရွန်ဝတ်ထားပြီး ထွက်လာသည့်အခါ အံ့သြပြီး

" မင်းဘာလုပ်နေတာလဲ "

" ဟင်းချက်နေတာလေ "

ခွန်စိုင်းဒင်က စားပွဲပေါ်က ဟင်းတွေကိုတစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

"ဒီအိမ်မှာ လူတိုင်း သူ့တာဝန်နဲ့သူရှိတယ်..နောက်ကို မလိုအပ်တာ ဝင်မလုပ်နဲ့ "

"ခင်ဗျားလူတွေချက်တာ ကျနော်မစားတတ်လို့ ကိုယ်တိုင်ဝင်ချက်တာ "

ခွန်စိုင်းဒင်က ဘာမှပြန်မပြော။ ခွန်းမိုင်က သူ့ရှေ့မှာ ဝင်ထိုင်လိုက်ပြီး

"မြည်းကြည့်ပါဦး..အဆိပ်မခတ်ထားပါဘူး "

ခွန်စိုင်းဒင် စားနေတာကို ထိုင်ကြည့်ရင်း လက်ကလည်း ကိုယ်တိုင်ကျိုထားသည့် ငပိရည်ကျိုပန်းကန်လုံးအား သူ့အနားတိုးပေးလိုက်သည်။

"ဒါ ခင်ဗျားကြိုက်တဲ့ဟာ "

ခွန်စိုင်းဒင်က ယူစားလိုက်တာကြောင့် အဝေးကလှမ်းကြည့်နေသော -သခင်လေးက ငပိရည်ကျို မစားဘူး- ဟုဆိုသည့် အိမ်တော်ထိန်းမှာ မျက်လုံးပြူးရသည်။

Beloved Mai Where stories live. Discover now