ခွန်းမိုင် အချိန်ဘယ်လောက်ကြာအောင် သတိလစ်မေ့မြောသွားသည်မသိ။ နိုးလာတဲ့အချိန်မှာတော့ မရင်းနှီးသော အခန်းတစ်ခန်းထဲကိုရောက်နေသည်။
နူးညံ့အိစက်နေသော မွေ့ရာပေါ်က ခွန်းမိုင် ထ ထိုင်လိုက်သည်။ အခန်းတစ်ခုလုံးမှာ အဆင့်မြင့် အဖိုးတန် ဇိမ်ခံပစ္စည်းများဖြင့် ဖွဲ့စည်းထားသည်။ မျက်နှာကျက်တွင်မြှုပ်ထားသော မီးသီးလုံးများ၊ နံရံတွင် ရေးခြယ်ထားသော ဆေးပန်းချီများဖြင့် ဂန္တဝင်ဆန်ဆန် ကြီးကျယ်ခမ်းနားလှသည်။
"ဒါဘယ်နေရာလဲ?"
ခွန်းမိုင် ခေါင်းကို ကြမ်းတမ်းစွာ ထုရိုက်ပစ်လိုက်လျှင် သတိမလစ်သွားခင်က အဖြစ်အပျက်များမှာ အနှေးပြကွက်များအဖြစ် ပြန်လည်ပေါ်ပေါက်လာသည်။
"အဘိုး! "
ကုတင်ပေါ်ကနေ ပြေးဆင်းပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်သည့်အချိန်မှာ အပြင်ဘက်၌ လူနှစ်ယောက် ကျောပေးပြီးရပ်နေတာကိုမြင်လိုက်ရသည်။
သူတို့ထဲက စစ်ထွက်ဆံပင်ကေနဲ့ တစ်ယောက်က လှည့်ကြည့်လာသည်။ ခွန်းမိုင် ထိုလူကို မှတ်မိသည်။ ရိုင်ဟန်းပြောတဲ့ ပန်းတိမ်ဆရာဆိုတဲ့ လူ။
ထိုလူက သူ့ရဲ့နားမှာ ချိတ်ထားသည့်အဖြူရောင်သတင်းပို့ကြိုးကိုဖိလိုက်ပြီး ရေရွတ်သည်။
"နိုးလာပါပြီ "
ခွန်းမိုင် သူတို့ကိုကျော်ပြီး ထွက်သွားဖို့ပြင်သည့်အခါ နောက်ကနေ ဖမ်းဆွဲခံလိုက်ရသည်။
"အခန်းထဲ ပြန်သွားပေးပါ "
"မသွားဘူး! "
ဆွဲထားတဲ့လက်ကို ရုန်းလိုက်ပြီး ခွန်းမိုင် လှေကားရှိတဲ့နေရာကို ပြေးသည်။ လှေကားထစ်ထိပ်ကနေ မြင်လိုက်ရသည်က အိမ်နဲ့အပြည့်စောင့်နေကြသော လူမိုက်တွေ။ ခွန်းမိုင် ရုတ်တရက် လေပေါ်မြောက်တက်သွားသည်။ လူနှစ်ယောက်က ခွန်းမိုင်ကို ဆွဲ မ ပြီး အခန်းထဲသို့ ပြန်ပို့သည်။
"ငါအိမ်ပြန်မယ်!! အဘိုး!!..အဘိုး ဘယ်မှာလဲ!! အဘိုး...ငါ့ကိုလွှတ်!! "
အခန်းထဲကိုရောက်တာနဲ့ ခွန်းမိုင်နောက်တစ်ကြိမ်ထွက်ပြေးဖို့လုပ်သည့်အခါ ဂတုံးနဲ့လူမိုက်က ပြောလာသည်။
YOU ARE READING
Beloved Mai