ခွန်းမိုင်ရဲ့အခန်းပြတင်းကနေကြည့်လျှင် အိမ်၏အရှေ့ဘက် စင်ဝင်ကို ကောင်းကောင်းမြင်ရသည်။ စင်ဝင်အောက်မှာတော့ ကားအမည်းသုံးစီး တန်းစီရပ်ထားသည်။ ခဏကြာတော့ အစောင့်များက အထုပ်အပိုးတွေကို ကားတစ်စီးထဲသို့ တင်နေကြသည်။
နှစ်ရက်ကြာပြီးနောက်မှာ စဝ်အိဖြူစင် အိမ်ပြန်တော့မှာဖြစ်သည်။ မနေ့က ဖြစ်သွားတဲ့ကိစ္စကြောင့် ခွန်းမိုင် အခန်းထဲက ထွက်ခွင့် ပိတ်ခံလိုက်ရပြီး စဝ်အိဖြူစင်ကလည်း သူ့အပြစ်နဲ့သူ မျက်နှာမပြဝံ့ပုံရသည်။ ပြန်ခါနီးမှာတောင် ခွန်းမိုင်ကို လာမနှုတ်ဆက်တော့။
စင်ဝင်အောက်က ကားဆီသို့ ထွက်လာသော စဝ်အိဖြူစင်၏ဘေးတွင် ခွန်စိုင်းဒင်လည်းပါသည်။ ခွန်စိုင်းဒင်က ရှပ်အင်္ကျီအဖြူရောင်လက်ရှည်ကို တံတောင်ဆစ်အထိခေါက်တင်လို့ စတိုင်ပင်အနက်ဖြင့် တွဲဝတ်ထားသည်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ကာ စကားပြောနေကြပြီး ခွန်စိုင်းဒင်ရဲ့ ခေါင်းက စဝ်အိဖြူစင်ရဲ့ မျက်နှာဆီ နီးကပ်သွားတာကို ခွန်းမိုင်မြင်လိုက်ရသည်။
မကြာခင် လက်ထပ်ကြမယ့်အတွဲတွေပဲလေ။ ခွန်းမိုင် ရင်နာနာဖြင့် ကျောခိုင်းလိုက်သည်။ ခံစားချက်ထက် ဦးစားပေးစရာကိစ္စတွေ သူ့မှာများလွန်းလှတာကြောင့် အခုလေးတင် ခံစားရသော နာကျင်မှု၊သဝန်တိုမှုတွေကို မေ့ဖျောက်ပစ်လိုက်သည်။
စင်ဝင်အောက်က စုံတွဲမှာမူ ခွန်းမိုင်ထင်သလို ကြင်နာစွာ နမ်းရှိုက်နေကြခြင်းမဟုတ်။ စဝ်အိ၏ နားအနီးသို့ ငုံ့ကိုင်းလာသော ခွန်စိုင်းဒင်မှာ နှစ်ဦးတည်းကြားရုံမျှဆိုသည်။
"ဒီတစ်ခုမှတ်ထား စဝ်အိဖြူစင်..ကိုယ့်ကိုလိမ်တဲ့သူတွေကို ကိုယ် မကြိုက်ဘူး"
ပြူးကျယ်သွားသောမျက်ဝန်းတွေကို လစ်လျူရှူကာ ခွန်စိုင်းဒင် အိမ်ထဲကိုပြန်ဝင်ခဲ့သည်။ စဝ်အိဖြူစင်မှာတော့ ဒီတစ်ခေါက် သူမ ခွန်စိုင်းဒင်ဆီမှာ အထင်အမြင်သေးခံလိုက်ရပြီဖြစ်တာကြောင့် အိမ်အပြန်လမ်းမှာ မပျော်ရွှင်နိုင်တော့။
ခွန်းမိုင် အခန်းထဲပိတ်ထားခံရပြီး နှစ်ရက်မြောက်မှာ ခွန်စိုင်းနောင် စံအိမ်သို့ထပ်မံရောက်လာခဲ့သည်။ ခွန်စိုင်းဒင်က အိမ်မှာမရှိတာကြောင့် အစောင့်တွေလည်း မလွန်ဆန်နိုင်ဘဲ ခွန်းမိုင်ကို သူနဲ့ထည့်လွှတ်လိုက်ရသည်။
YOU ARE READING
Beloved Mai