ညဘက်ဆို အဘိုးက ခြံထဲမှာ ထိုင်ပြီး လက်ဖက်ရည်ကြမ်းလေးသောက်လိုက်၊ ဆေးလိပ်လေးဖွာလိုက်လုပ်တတ်သည်။
မြို့ပြနဲ့အလှမ်းဝေးပြီး တောတောင်ထဲမှာဖြစ်တာကြောင့် လေထုက သန့်ရှင်းလတ်ဆတ်ပြီး ဆူညံမှုလည်းကင်းသည်။
ခွန်းမိုင်က အဘိုးအတွက် လက်ဖက်ရည်ကြမ်းကို အိုးထဲဖြည့်ပြီးခြံထဲသို့ယူလာသည်။ ကွက်ပျစ်ပေါ်တွင်တော့ ရိုင်ဟန်းက အဘိုးရဲ့ခြေထောက်တွေကို ညင်သာစွာနှိပ်နယ်ပေးနေတာကိုမြင်လိုက်ရသည်။
"အဘိုး လက်ဖက်ရည်ရပြီ "
"အေးအေး ထားလိုက် မြေး...ဒါနဲ့ ရိုင်ဟန်း..လူလေး မင်းရဲ့မိသားစုနဲ့ပတ်သက်ပြီး တစ်ခုခုမှတ်မိလာတာမျိုးမရှိသေးဘူးလားကွဲ့ "
ခွန်းမိုင်လည်းသိချင်တာကြောင့် နားစွင့်ရင်း ဘေးနားမှာ ဝင်ထိုင်လိုက်သည်။ ရိုင်ဟန်းမျက်နှာက မပြောင်းမလဲ။
"အခုထိတော့ ဘာမှသတိမရသေးဘူး အဘိုး...တောင်းပန်ပါတယ် ကျနော်ဒုက္ခပေးသလိုဖြစ်နေတဲ့အတွက် "
"အို..မဟုတ်ပါဘူးကွယ်..မင်းက ဘယ်ကသာ ဒုက္ခဖြစ်ရမှာလဲ ရိုင်ဟန်းရဲ့..ဒီမှာနေရင်း မင်း အဘိုးတို့ကိုကူညီတာ ဘယ်လောက်ကောင်းလိုက်သလဲ..အဘိုးမှာ ခွန်းမိုင် စျေးကိုတစ်ယောက်တည်းသွားရင် နောက်ကနေ ပူပန်နေရတာ..မင်းရှိတော့စိတ်ချရတာပေါ့ "
ခွန်းမိုင်က မကျေမနပ်ဖြင့် ဝင်ဖြတ်ပြောသည်။
"တစ်ယောက်တည်းလည်း ဘာမှပူစရာမရှိပါဘူး အဘိုးရဲ့..ကျနော်ကမွေးကတည်းက ဒီမှာကြီးပြင်းလာတာကို..စိတ်ပူချင်းပူ သူ့ပဲပူရမှာ "
အဘိုးက သဘောတကျရယ်လိုက်ပြီး ရိုင်ဟန်းကို ဆက်မနှိပ်တော့ဖို့ တားလိုက်သည်။
"သတိရပြီလားမေးတယ်ဆိုတာ မင်းရဲ့မိဘတွေ မိသားစုဝင်တွေ စိတ်ပူနေမစိုးလို့ပါကွယ်..မင်းကို အဘိုးတို့က အိမ်မှာ မထားချင်လို့မဟုတ်ပါဘူး ရိုင်ဟန်းရဲ့ "
"ကျေးဇူးတင်ပါတယ် အဘိုး "
"ဖြစ်နိုင်မယ်ဆိုရင် အဘိုးက မင်းကို ဒီမှာ တစ်သက်လုံးတောင် နေစေချင်တာ "
YOU ARE READING
Beloved Mai