ဆယ်ရက်ကြာပြီးတဲ့နောက်မှာ ရိုင်ဟန်း ကျောက်ပတ်တီးဖြေဖို့ရာ ဆေးရုံကို နောက်တစ်ခေါက်ရောက်ခဲ့ကြသည်။
ခန္တာကိုယ်ပေါ်က ဒဏ်ရာတွေအားလုံး အကောင်းတိုင်းနီးပါး သက်သာနေပြီဖြစ်ပေမယ့် ရိုင်ဟန်းကတော့ မှတ်ဉာဏ်တွေပြန်မရသေး။
မိသားစုနဲ့ပတ်သက်တာ တစ်ခုခုသိရပြီလားဆိုတာကို ရဲအရာရှိထံဖုန်းဆက်မေးတဲ့အခါ အခြေအနေက မထူးပြန်။
ဒီလိုနဲ့ ဆေးရုံက ပြန်လာတော့လည်း ရိုင်ဟန်းက ခွန်းမိုင်တို့အိမ်မှာပဲ ဆက်နေဖြစ်လေသည်။
"အဘိုး နားနေပါ.. ကျနော်လုပ်လိုက်မယ်"
ခွန်းမိုင်နိုးလာတော့ ရိုင်ဟန်းကိုအခန်းထဲမှာ မတွေ့။ အခန်းထဲကထွက်လာသည့်အခါ ခြံထဲတွင် အဘိုးနဲ့အတူ အလုပ်လုပ်နေသော ရိုင်ဟန်းကို လှမ်းမြင်လိုက်ရသည်။
အဘိုးဆောင်းနေကျ ခမောက်ကိုဆောင်းထားပြီး ခွန်းမိုင်ပေးထားသော အဝတ်များကိုဝတ်ထားသည်။ တီရှပ်များက ခွန်းမိုင်နဲ့ဆို ပွရောင်းရောင်းနိုင်ပေမယ့် ရိုင်ဟန်းရဲ့ လူကောင်ကြီးကြီးနဲ့ကျ အနည်းငယ်ကျပ်ထုပ်ထုပ်ဖြစ်နေရှာသည်။ ပုဆိုးသည်လည်း ထ်ိုနည်း၄င်းပင်။ အရပ်ခြောက်ပေကျော်သည့် ရိုင်ဟန်းဝတ်ထားတော့ ပုဆိုးက ခြေမျက်စိအထက်ရောက်အောင် တိုနေသည်။ ဒါပေမဲ့ ခြံထဲက အလုပ်ကြမ်းတွေလုပ်ရင်လည်း ပုဆိုးတိုတိုဝတ်လုပ်ရသည်မို့ အထူးတလည်တော့ ကြည့်ရဆိုးမနေ။
ဒီနေ့ ခွန်းမိုင်က စျေးထဲသွားမှာမလို့ ခြံထဲက ကောက်ထားသည့် ကြက်ဥ၊ဘဲဥသေတ္တာပုံးများကို သုံးဘီးပေါ်တင်နေရခြင်းဖြစ်သည်။
လက်ကျိုးနေတုန်းကသာ အသုံးမကျတာ၊ အခုလို သန်သန်မာမာဖြစ်သွားတော့လည်း ရိုင်ဟန်းဆိုတဲ့လူက အတော်လေး အားကိုးရပေသည်။ ကယ်ထားရတာနဲ့တန်အောင် ခွန်းမိုင်ကလည်း ထိုလူ့ကိုခြံထဲကအလုပ်အကုန်ဝင်လုပ်စေသည်။
"အဆင်သင့်ဖြစ်ရင် သွားကြရအောင်လေ အဘိုး "
"အေးကွဲ့..အဘိုးတော့ မလိုက်တော့ဘူး..ဒီနေ့ ရိုင်ဟန်းကိုပဲခေါ်သွားလိုက် "
YOU ARE READING
Beloved Mai