(ZAWGYI VERSION)
အချိန်ကာလကြာလာသည်နှင့်အမျှ ရှောင်းကျန့်နှင့် ဝမ်ရိပေါ်၏ ဆက်ဆံရေးကလည်း အတော်လေးအဆင်ပြေလာသည်။နှစ်ယောက်သား သူငယ်ချင်းဖြစ်ပြီးသည်နှင့် တစ်ယောက်အကြောင်းတစ်ယောက်သိလာကြကာ ပြောရဆိုရလည်းမခက်တော့။ငယ်စဉ်ကတည်းက ရင်းနှီးလာသော သူငယ်ချင်းများကဲ့သို့ ပြောမနာ ဆိုမနာဖြစ်သွားကြကာ ညီအစ်ကိုများနှယ်ဖြစ်လာ၏။
သူဌေးရှောင်းကလည်း ရှောင်းကျန့်ကို ဘာမှမပြော။ထို့အပြင် သူဌေးဝမ်နှင့်ချန်ဇီကလည်း ပြင်သစ်မှပြန်မလာကြသေး။
သူငယ်ချင်းဖြစ်သွားသည့်နှစ်ယောက်ကြား မိဘများကိစ္စက အရေးမပါတော့။တစ်ယောက်နှင့်တစ်ယောက် ပေါင်းသင်းတာက မိဘများနှင့်မဆိုင်ဟု ရှောင်းကျန့်သတ်မှတ်ထားသည်။ဝမ်ရိပေါ်ကလည်း ထင်သလောက်ဆိုး။ပေတေတေ ၊ ဂျစ်ကန်ကန်ရှိသော်လည်း အရည်အချင်းရှိသည့် လူတစ်ယောက်ဖြစ်သည်။
ထို့အပြင် သူ၏ဖခင်ကလည်းတဖြည်းဖြည်း ခံစားချက်များ အနည်ထိုင်လာပုံရသည်။ဇနီးဖြစ်သူကို လွမ်းဆွတ်ကာ မနေတော့ဘဲ နေ့စဉ်ဘဝကို အေးအေးဆေးဆေးသာ ဖြတ်သန်းနေ၏။
ညနေပိုင်း လေ့ကျင့်ခန်းအနေဖြင့် ရှောင်းကျန့်စက်ဘီးတစ်စီးကို ဆွဲကာ ထွက်လာလိုက်၏။ သူဌေးသူကြွယ်များနေသော ရက်ကွက်က လူသွားလူလာ နည်းသည်။ သွားလျှင်လည်း တန်ဖိုးကြီးသော အိမ်စီးကားများကာက ဖြတ်သွားလေ့ရှိသည်။
တစ်ယောက်တည်းပျင်းရိစွာ စက်ဘီးစီးလာရင်း အချိန်ကို ကုန်ဆုံးစေလိုက်သည်။စွပ်ကျယ်နှင့် အားကစား ဘောင်းဘီကိုသာဝတ်ထားသည့် ရှောင်းကျန့်က အလွန်ကြည့်ကောင်းလှသည်။
အထက်တန်းကျောင်းသာ သာရှိသေးသော်လည်း ရှည်လျားသော ခြေတံများနှင့် ချောမောသော မျက်နှာက မြင်သူတိုင်းငေးချင်စရာကောင်းသေး၏။
ရှောင်းကျန့်မှာ တဖြည်းဖြည်း စက်ဘီးနင်းရင်း အိမ်နှင့်ဝေးကွာသော နေရာသို့ရောက်လာသည်။ညနေစောင်းပြီမို့ နေရောင်ခြည်ကလည်း ကျနေပြီ။ အတန်ကြာအောင် စက်ဘီးနင်းခဲ့ရသည်မို့ နဖူးပေါ်တွင် ချွေးစက်တို့က နေရာယူထားကာ ဆံပင်များကလည်း ရှေ့သို့ ဘုတ်သိုက်ကျတော့သည်။
