(ZAWGYI VERSION)
Weibo ပေါ်တွင် Hot search ဖြစ်နေသည့်သတင်းမှာ တခြားလူ၏သတင်းမဟုတ်ဘဲ အောင်မြင်ကျော်ကြားကာ ရေပန်းစားလျက်ရှိသည့် တစ်ဦးတည်းသောကြယ်ပွင့်လေးဝမ်ရိပေါ်၏ အချစ်ရေးအကြောင်းပင်ဖြစ်သည်။လတ်တလောထုတ်လွှင့်နေသည့် ဇာတ်ကားထဲမှမင်းသမီးနှင့်တွဲနေသည်ဆိုသော သတင်းစကားများမှာလည်း ဖန်များကြားပွက်လောရိုက်သွားသလို ဝမ်ရိပေါ်မှာလည်း ဖုန်းကိုကိုင်ကာ ထိုသတင်းများကိုသာ မျက်မှောင်ကြုတ်ကာကြည့်နေတော့ ဘေးနားထိုင်နေသည့် ရှုဟိုင်မှာ အခြေအနေကိုကြည့်ရင်း ငြိမ်နေရသည်။
အောင်မြင်နေသည့်အနုပညာရှင်တစ်ယောက်ဖြစ်သည့်အလျောက် ယခုလိုသတင်းတွေကလည်း ဇာတ်လမ်းတစ်ခါလွင့်တိုင်းတစ်ခါထွက်နေတာမို့ ဝမ်ရိပေါ်ကတော့ အေးအေးဆေးဆေးဖြစ်နေသလို မင်းသမီးများနှင့်ကောက်ပြီး ship လိုက်တိုင်း တစ်ရက်မကြာ ဝမ်ရိပေါ်က စာထုတ်ကာရှင်းလင်းတတ်တာကိုသိထားသည့် ဖန်တွေကလည်း ဝမ်ရိပေါ်ကိုသာယုံကြည်ပြီး စာထုတ်ကိုတာကိုသာ လည်တမျှော်မျှော်။
"ဟိုဘက်ကရော"
အေးတိအေးစက်ထွက်လာသည့်အသံက အရမ်းကြီးတော့မဆိုးပေမဲ့ စိတ်ကြည်နေတာလည်းမဟုတ်တာကြောင့် ရှုဟိုင်မှာသတိထားရင်း စကားကိုလည်းအမှားမပါအောင်ပြောရသေးသည်။
"ချင်ကျဲဘက်က ဘာမှမထုတ်သေးဘူး။ ဝမ်လောင်ရှီး ကျွန်တော်တို့ဘက်က အရင်ထုတ်လိုက်ကြမလား?"
"ငါတို့ဆီကိုရော ဆက်သွယ်လား?"
"မဆက်သွယ်ဘူး ၊ စာလဲမထုတ် ဆက်လဲမဆက်သွယ်ဘဲနဲ့ဘာလုပ်နေတာလဲမသိဘူး။ ကျွန်တော်တို့ဘက်ကစာထုတ်တာကိုများစောင့်နေတာလားမသိဘူး"
ရှုဟိုင်၏စကားကြောင့် ဖုန်းကိုကိုင်ထားသည့်ဝမ်ရိပေါ်က ဆိုဖာပေါ်ခပ်လျောလျောထိုင်လို့ခြေထောက်နှစ်ဖက်ကလည်း ဆိုဖာအပုလေးပေါ်ကိုတင်ရင်း ပျင်းပျင်းရိရိဖြစ်နေလေသည်။ မိန်းကလေးဘက်ကိုအားနာတာကြောင့် စာအရင်ထုတ်ကိုတာကိုစောင့်နေပေမဲ့လည်း သတင်းစကားများကြား မှိန်းနေသည့် တစ်ဖက်ကို ဝမ်ရိပေါ်အားမနာနိုင်တော့။