"ထိုး ထိုး အသေသတ် "
အော်ဟစ်သံတွေကြောင့် ကြိုးဝိုင်းထဲဝယ် သွေးအလိမ်းလိမ်းနဲ့ ဖြစ်နေတဲ့ ကြားက Bbright ခပ်မဲ့မဲ့ ပြုံးလိုက်မိသည်။ နာကျင်ရလွန်းလို့တော့မဟုတ်ပါချေ။ အခုနေ သူ့မျက်နှာကို ကြည့်မယ်ဆိုလျှင် ဘာမထီရုပ်နဲ့ ဖြစ်နေမှာ သေချာပြီး သူများမြင်ပြင်းကပ်ချင်စရာ ဖြစ်နေမှာက ရာနှုန်းပြည့် သေချာသည်။
"Bbright ဆိုတဲ့အကောင်ကို အမှောက်သိပ်လိုက်တော့ "
"ခွပ် "
စကားအဆုံး ဝင်လာတဲ့ လက်သီးချက်ကို ရိပ်ခနဲမြင်လိုက်ရပေမယ့် ရှောင်ချိန်မရလိုက်။ အားပါလွန်းလှတာမို့ မျက်လုံးတွေ ပြာဝေသွားပြီး မျက်နှာပေါ် ပူပူနွေးနွေး အရည်များ စီးကျလာတာကြောင့် မျက်ခုံးကွဲသွားပြီဆိုတာကို သတိထားမိလိုက်သည်။ ခေါင်းကို တစ်ချက်ခါထုတ်ရင်း ခပ်မဲ့မဲ့ပြုံးကာ နှုတ်ခမ်းပေါ် ဖြတ်ဆင်းသွားတဲ့ သွေးတွေကို လျှာနဲ့ ထိတွေ့လိုက်ပြီး ခံစားမှုမရှိတဲ့ မျက်လုံးသေတွေဖြင့် သူ့ကို ထိုးနေတဲ့ကောင်ကို တစ်ချက် ကြည့်လိုက်သည်။ ပြီးနောက် အော်ဟစ်ကာ အားပေးနေတဲ့ သူ့ဘက်ကို တစ်ယောက်မှ မပါတဲ့လူအုပ်ဆီ မျက်ခုံးတစ်ချက်ပင့်ကာ ကြည့်လိုက်ပြီး
"လောင်းထားတာကို ပြောင်းချင် ပြောင်းလို့ရသေးတယ် "
"ရှုံးတော့မယ့် ကောင်ကများ "
"သတိပေးတယ်နော် ကျုပ်နိုင်ရင် တစ်ဆိုင်လုံးက ပိုက်ဆံ ကျုပ်ပိုက်ဆံဘဲ ဟ ဟ "
"ဒီအချိန်ထိ ပိုက်ဆံစကားပြောနေသေးတယ် "
မကျေမနပ်နဲ့ ရေရွတ်တဲ့ အသံတွေ၊ ဝိုင်းဝန်းပြောဆိုနေတဲ့ အသံတွေက တစ်ရုံလုံး ပြည့်လျှံလို့နေသည်။ဒီလူတွေ မကျေနပ်လည်း မကျေနပ်ချင်စရာ။ ဘာလို့ဆို Bbright က သူတို့ လက်ဝှေ့ရုံကို လာလာပြီး လူလည်လာကျနေတာ ဖြစ်သည်။ အကြွေးသိမ်းပြီးလို့ ပြန်လာရင် လက်ဝှေ့ရုံကို ရောက် လာပြီး အလွတ်တန်းလက်ဝှေ့သမားတွေ အပါအဝင် သူ့ကိုထိုးသတ်ချင်သူမှန်သမျှကို လောင်းကြေးဖြင့် စိန်ခေါ်ထိုးသည်။သူရလာသမျှ အကြွေးရတဲ့ ပိုက်ဆံတွေနဲ့ လောင်းကြေးထပ်ပြီး ထိုးတာ ဖြစ်သည်။ ထို့အတွက်ကြောင့် လက်ဝှေ့နယ်ပယ်မှာ ကျင်လည်နေတဲ့ သူတွေက သိက္ခာအကျမခံချင်တာကြောင့် သူ စိန်ခေါ်သမျှကို လက်ခံကာ ထိုးကြသည်။ ပြီးရင် ပိုက်ဆံထုတ်ပိုက်ကာ ပြန်သွားလေ့ရှိသည်။ ပိုက်ဆံကို ဘုရားလို ကိုးကွယ်ပြီး တစ်ကျပ်ကို နှစ်ကျပ်ရအောင် ခွာလေ့ရှိတဲ့ သူဖြစ်သည်။

YOU ARE READING
My Investigator
Fanfiction"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာဘဲ " -- Bbright crd coverphoto #BrightWin Fan Fic